ပြင်သစ်နိုင်ငံတောင်ပိုင်း Alps တောင်တန်းဒေသမှာ ပျက်ကျခဲ့တဲ့ Germanwings Airbus A320 လေယာဉ်ရဲ့ လေယာဉ်ထိန်းချုပ်တဲ့ အခန်းထဲက ရှာဖွေတွေ့ရှိတဲ့ အသံဖမ်းစက်ကို စစ်ဆေးရာမှာ သဲလွန်စတချို့ ရရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက ဆိုးရွားတဲ့ ရာသီဥတုလည်း မရှိပါဘဲ လေယာဉ် ပျက်ကျခဲ့တာကြောင့် ပြင်သစ်စစ်တပ် အရာရှိကြီးများ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က ဒီလေယာဉ်ပျက်ကျမှုကို ထောက်လှမ်းရာမှာ လေယာဉ်မှူးအခန်းထဲက ရရှိခဲ့တဲ့ အသံဖမ်းစက်မှာ ဝင်နေတဲ့ အသံတွေကို ခြေရာကောက်ရာက သဲလွန်စ ရရှိတာ ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျပြီး နာရီအတော်အကြာမှာ လေယာဉ်မောင်းခန်းထဲက တပိုင်းတစပျက်စီးနေတဲ့ အသံဖမ်းစက်ဖြစ်တဲ့ Black Box ကို တာဝန်ရှိသူတွေဟာ ရှာတွေ့ခဲ့ပြီး ပျက်မကျခင် လေယာဉ်မှူး ဘာတွေပြောခဲ့တယ်ဆိုတာ သိနိုင်ဖို့ ပြင်သစ်နိုင်ငံ ပါရီမြို့ကို ပေးပို့ စစ်ဆေးရာကနေ သဲလွန်စတွေ ရရှိတာ ဖြစ်ပါတယ်။
“ဒီအသံဖမ်းစက်က လေယာဉ်ပျက်ကျမှုအတွက် မေးခွန်းတွေ အများကြီး ချန်ခဲ့ပါတယ်” လို့ စုံစမ်းစစ်ဆေးရေး အဖွဲ့မှာ ပါဝင်တဲ့ အမည်မဖော်လိုသူ တာဝန်ရှိသူ တဦးက ဆိုပါတယ်။
အသံဖမ်းစက်ထဲက ရရှိတဲ့ အသံတွေအရ လေယာဉ်ဟာ စပိန်နိုင်ငံ ဘာစီလိုနာကနေ ပြင်သစ်နိုင်ငံ Dusseldorf ကို စတင်ထွက်ခွာစဉ် အစောပိုင်းမှာ လေယာဉ်မှူး နှစ်ဦး အချင်းချင်း အေးအေးဆေးဆေး စကားပြောနေကြကြောင်း၊ နောက်ပိုင်း အသံတွေအရ လေယာဉ် ထိန်းချုပ်ခန်းရဲ့ အပြင်ဘက်ကို လေယာဉ်မှူးတဦး ထွက်သွားကြောင်း၊ အပြင်ထွက်သွားတဲ့ လေယာဉ်မှူးက လေယာဉ်ထိန်းချုပ်ခန်း တံခါးကို ခေါက်နေသံတွေ ကြားရကြောင်း အမည်မဖော်လိုသူ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်က The New York Times သတင်းစာကို ပြောထားပါတယ်။
“လေယာဉ်မှူးအခန်း အပြင်ဘက်က လူက တံခါးကို ညင်ညင်သာသာ ခေါက်တယ်၊ အထဲက ဘာမှ ပြန်မပြောဘူး။ နောက်တော့ ခပ်ပြင်းပြင်း တံခါးခေါက်ပြီး ဖွင့်ခိုင်းတယ်။ အဲဒါလည်း အထဲက ဘာမှ ပြန်မပြောဘူး။ အထဲက လုံးဝကို ပြန်မဖြေတာ” လို့ အထက်ပါ ပုဂ္ဂိုလ်က ပြောပါတယ်။
ဒီအသံတွေအရ အပြင်ဘက် ရောက်နေတဲ့ လေယာဉ်မှူးတဦးဟာ လေယာဉ် ထိန်းချုပ်ခန်း တံခါးကိုပွင့်တဲ့အထိ ဖျက်ဖို့တောင် ကြိုးစားခဲ့သေးတယ် ဆိုတာ သိသာကြောင်း သူက ဆက်ပြောထားပါတယ်။
ကျန်ရှိခဲ့တဲ့ အသံဖမ်းစက်က ရရှိတဲ့ သဲလွန်စ အသံတွေအရ ဒီလေယာဉ်ပျက်ကျမှုဟာ လေယာဉ် ထိန်းချုပ်ခန်းထဲမှာ လူတယောက်တည်း ရှိနေစဉ် သို့မဟုတ် ပိတ်မိနေစဉ် ဖြစ်သွားတဲ့အတွက် နောက်ထပ်ဖြေရှင်းစရာတွေ၊ စုံစမ်းစရာတွေ ရှိနေနိုင်သေးတယ်လို့ အမည်မဖော်လိုတဲ့ စုံစမ်းစစ်ဆေးသူက ဆိုပါတယ်။
“လေယာဉ်မှူးတယောက် ဘယ်လိုအကြောင်းပြချက်နဲ့ လေယာဉ်ထိန်းချုပ်ခန်းရဲ့ အပြင်ကိုထွက်သွားရတယ် ဆိုတာတော့ ကျနော်တို့ အခုထိ မသိသေးပါဘူး။ ဒါပေမယ့် သေချာတာကတော့ လေယာဉ် ပျက်ကျတဲ့အချိန်မှာ ထိန်းချုပ်ခန်းထဲမှာ လေယာဉ်မှူး တယောက်ထဲ ရှိနေပြီး သူက တံခါးကို ဖွင့်မပေးခဲ့တာပါပဲ” လို့ သူက ပြောပါတယ်။
လေယာဉ်ပျက်ကျခါနီး အမြင့်ပေ ၃၈၀၀၀ အရောက်မှာ ၁၀ မိနစ်အကြာ သတိပေးခေါင်းလောင်း မြည်နေခဲ့ပေမယ့် အဲဒီအချိန်မှာ လေယာဉ်ထိန်းချုပ်ခန်းက အချက်ပေးမှု ဘာမှ မရှိခဲ့ဘူးလို့ သိရပါတယ်။ အမည်မဖော်လိုသူ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်က အထက်ပါ အချက်အလက်များကို ပြောခဲ့ပေမယ့် စုံစမ်းစစ်ဆေးရေး အဖွဲ့တခုလုံး အနေနဲ့တော့ Black Box ကို စစ်ဆေးနေဆဲဆိုတာ တခုပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပျက်ကျလေယာဉ်ပေါ်မှာ Black Box ၂ ခု ပါရှိပြီး ပထမ Black Box ကိုသာ ရှာတွေ့ခဲ့ခြင်းဖြစ်ပါတယ်။ ဒုတိယ Black Box ကို ဆက်လက် ရှာဖွေနေဆဲလို့ သိရပါတယ်။
ပျက်ကျခဲ့တဲ့ Germanwings လေယာဉ်အမှတ် 9525 ပေါ်မှာ လိုက်ပါသွားသူတွေဟာ နိုင်ငံပေါင်း ၁၈ နိုင်ငံကဖြစ်ပြီး ဂျာမနီနိုင်ငံသား ၇၂ ဦးနဲ့ စပိန်နိုင်ငံသား ၃၅ ဦးထက်မနည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဂျာမန် အော်ပရာ တေးသံရှင် ၂ ဦးနဲ့ ကျောင်းခရီးစဉ် အပြီး ပြန်လာကြတဲ့ ဆယ်ကျော်သက် ဂျာမန် ကျောင်းသူ ကျောင်းသား ၁၆ ယောက်လည်း ပါလာကြတယ်လို့ သိရပါတယ်။
ကိုးကား – The New York Times