သမ္မတဦးသိန်းစိန်အစိုးရအာဏာရယူပြီးနောက် ၄ နှစ်သက်တမ်းပြည့်လာချိန်တွင် နိုင်ငံတွင်း အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားနှင့် အမှုရင်ဆိုင်နေရသော တက်ကြွလှုပ်ရှားသူ ၅၀၀ ကျော်ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အသင်း (AAPP) က တရားဝင်သတင်းထုတ်ပြန်သည်။
လတ်တလော နိုင်ငံတဝန်း အကျဉ်းထောင်များတွင် အကျဉ်းချခံနေရသည့် နိုင်ငံရေး အကျဉ်းသား ၁၇၂ဦးရှိပြီး အမှု ရင်ဆိုင် နေရသည့် နိုင်ငံရေးသမား ၃၀၀ ကျော် ရှိကြောင်း၊ အမှုရင်ဆိုင်နေသည့်ထဲတွင် ဒီမိုကရေစီပညာရေး ပြုပြင်ရေး လှုပ်ရှား နေသည့် ကျောင်းသားအရေအတွက်က ပိုမိုများနေကြောင်း AAPPမှ အဖွဲ့ဝင် ဦးအောင်မျိုးကျော်က ဧရာဝတီ သို့ပြောသည်။
“၂၀၁၄ ခုနစ် နဲ့ ၂၀၁၅ခုနစ်မှာ နိုင်ငံရေး အကျဉ်းသား ဦးရေနဲ့ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေး သမားတွေ ပိုများလာတယ်။ လက်ရှိ အမှုရင်ဆိုင်နေရတဲ့ထဲမှာ လယ်သမားအရေးလှုပ်ရှားသူ၊ကျောင်းသားအရေးလှုပ်ရှားသူ၊ အလုပ်သမားအရေး လှုပ် ရှားသူတွေ၊ တက်ကြွလှုပ်ရှားသူတွေ ပါပဲ။ ကျနော်တို့ကတော့ အကျဉ်းချခံရတဲ့သူတွေ၊ အမှုရင်ဆိုင်တဲ့သူတွေအားလုံး ခြွင်းချက် မရှိ ပြန်လွှတ်ဖို့ ဓါတ်ပုံ လှုပ်ရှားမှုတွေ လက်ဝါးလှုပ်ရှားမှုတွေ လုပ်သွားပါမယ်။ အားလုံးကို ခြွင်း ချက်မရှိ လွှတ်ဖို့ အတွက် အစိုးရကို ဖိအားပေးသွားမယ်” ဟု ဦးအောင်မျိုးကျော်က ဆိုသည်။
သမ္မတဦးသိန်းစိန်အစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဟစ်ကြွေးနေသော်လည်း လက်တွေ့တွင်မူ နိုင်ငံရေး အကျဉ်း သား အရေအတွက်တိုးတက်လာခြင်းက စစ်မှန်သော ပြုပြင်ပြောင်းလဲရေးမဟုတ်သည်ကို သက်သေထူ နေကြောင်း ၎င်း က ဆိုသည်။
“ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်နေတဲ့အချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ ပိုများလာတာ ကတော့ ဒါဟာ တကယ် ပြုပြင် ပြောင်းလဲမှု မဟုတ်ဘူး ဆိုတာ ကို ဖော်ပြနေသလိုပါပဲ။ ကျနော်တို့ လုပ်နိုင်သမျှ သက်ဆိုင်ရာအဖွဲ့ ကို ပူးပေါင်းပြီး လှုပ်ရှားမှုတွေလုပ်မယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တကယ်ဆောင်ရွက်နေရင် နိုင်ငံရေးအကျဉ်းသားက မရှိသင့်တော့ ဘူး” ဟု AAPP လုပ်ငန်းကော်မတီဝင် ဦးရဲအောင်က ဧရာဝတီသို့ပြောသည်။
AAPPက ပြုစုထားသောစာရင်းများအရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၁၇၂ ဦးခန့်သည် မြန်မာနိုင်ငံရှိအကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရပြီး တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထောင်ချနေမှုများသည်လည်း လျော့ပါးသွားခြင်း မရှိသည့်အပြင် ဆက်လက်တိုးပွားလျက်ရှိနေကြောင်း၊ နိုင်ငံသားတိုင်း၏ အခြေခံအခွင့်အရေးများအရ ထုတ်ဖော် ဆန္ဒ ပြခြင်း များကို ပုဒ်မ ၁၈၊ ၁၉ တို့အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မမျိုးစုံတပ်၍ ဖမ်းဆီး ထောင်ချ လျက်ရှိကြောင်း သိရှိရသည်။