ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဒေသခံပြည်သူ များ အစုအဖွဲ့လိုက် ပိုင်ဆိုင်သည့် သစ်တောစိုက်ခင်းများ ထူထောင်ရန် နှစ် ၃၀ စီမံကိန်းချမှတ် ဆောင်ရွက်နေသော်လည်း ထိရောက်မှု နည်းပါးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများကို သစ်တောဦးစီးဌာနက ၂၀၀၁ မှ ၂၀၃၀ အထိ နှစ်၃၀ စီမံ ကိန်းဖြင့် ဧက ၂ သန်းကျော် တည်ထောင်ရန် လျာထားချက်ဖြင့် ဆောင်ရွက်နေသော်လည်း စီမံကိန်းကာလ တဝက်အထိ ဧက ၂ သိန်းသာ ရှိသေးကြောင်း သစ်တောဝန်ကြီးဌာန လေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင့်ဆွေက ပြော သည်။
“ရည်မှန်းချက်က ၂၀၃၀ မှာ ဧက နှစ်သန်းကျော်အထိ လုပ်ဖို့ ရှိတယ်။ ဒါပေမယ့် အကန့်အသတ် တွေများတဲ့အခါ အထူးသဖြင့် ကျေးလက်ပြည်သူကြားမှာ ပျံ့ပျံ့နှံ့နှံ့မရှိတော့ ချိတ်ဆက်မိတဲ့ အဖွဲ့လောက်နဲ့ပဲလုပ်တော့ ဧက ၂ သိန်းလောက်ပဲ ရှိသေးတယ်၊ အခု စီမံချက်ကာလက တဝက်ရောက်နေပြီ။ ဒါပေမယ့် လျာထားချက်က တဝက်မဖြစ်ဘူး။ ၂ သန်းနဲ့ ၂ သိန်း ဆိုတာ အဝေးကြီး ဖြစ်နေ တယ်”ဟု ဦးတင့်ဆွေက ပြောသည်။
မတ်လ ၃ ရက်က ရန်ကုန်မြို့International Business Centerတွင် ပြုလုပ်ကျင်းပသည့် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန နှင့် Fauna and Flora International (FFI) တို့ ပူးပေါင်းကျင်းပသည့် “National Workshop on Community Forestry Timber Legality” အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
FFI သည် ၁၉၀၃ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့သော အင်္ဂလန်အခြေစိုက် အဖွဲ့အစည်းတခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ၂၀၀၈ ခုနှစ်တွင် စတင် ဝင်ရောက်လာသည်။ သစ်တောဝန်ကြီးဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့နှင့် နားလည်မှုစာချွန်လွှာရေးထိုးထားပြီး သဘာ၀ ပတ် ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ မှီခိုနေထိုင်သူများ ယှဉ်တွဲနေထိုင်ရေးကိစ္စရပ်များတွင် အသေး စား ငွေကြေး အထောက်အပံ့ပေးခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောထူထောင်ခြင်း သင်တန်းများပေးခြင်း နှင့် နည်းပညာ ပစ္စည်းများ ပံ့ပိုးပေးသည့် အဖွဲ့အစည်း ဖြစ်သည်။
သစ်တောကဏ္ဍ၏ ပင်မစီမံကိန်း ၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ အထိ နှစ် ၃၀ စီမံကိန်းအရ ဧက ၂ ဒသမ ၂၇ သန်း လျာထားပြီး သို့ရာတွင် လက်ရှိ အသုံးပြုနေသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ(CFI) သည် ခေတ် ကာလနှင့် ကိုက်ညီခြင်း မရှိတော့၍ စီမံကိန်း ဧကပြည့်မီရန် ကန့်သတ်ချက် ဖြစ်နေရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး ညွှန်ကြားရေးမှူးက“အခုက ဒေသခံပြည်သူအစုအဖွဲ့ပိုင်က သစ်တောတွေကို ပြည်ပပို့ဖို့အထိပါ လုပ်လာတာဆိုပေမယ့် ၉၅ ခုနှစ်က ညွှန်ကြားချက်တွေကို ပြုပြင်ဖို့လိုတယ်။ ညွှန်ကြားချက်တွေ ဥပဒေတွေ ပြောင်းပေးရမယ်”ဟု ပြောဆိုသည်။
CFIညွှန်ကြားချက်ကို ၁၉၉၅ ခုနှစ်တွင် ပြည်သူလူထု၏ စားဝတ်နေရေးလိုအပ်ချက် ဖြေရှင်းရာတွင် သဘာဝသစ်တောများအပေါ် မှီခိုမှုလျော့နည်းစေရန် သစ်တောအုပ်ချုပ်မှုတွင် ပြည်သူလူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဦးတင့်ဆွေက“ကန့်သတ်ဆိုတာက ဒေသခံပြည်သူအစုအဖွဲ့ ညွှန်ကြားချက်တွေက ယေဘုယျဆန်တယ်။ အခု အားလုံးကို ခြုံပြီး တော့ လုပ်နေတယ်။ ဒေသတခုနဲ့တခုက မတူနိုင်ဘူး။ သီးနှံနဲ့ သစ်တော ရောနှောစိုက်လို့ မရဘူး။ ဒီရေတောလိုနေရာများကို သီးနှံသစ်တောအပြင် ငါး ပုစွန်ရောနှောလုပ်တာတွေ၊ ကုန်းမြင့်ကျတမျိုး၊ ဒီတော့ ညွှန်ကြားချက်တွေက လက်တွေ့ကျ တမျိုးဖြစ်နေ တော့ မကိုက်ညီဘူးပေါ့”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး“ကြိုးဝိုင်းထဲမှာ ကျုးကျော်နေတာတွေ ရှိတယ်လေ၊ ကြိုးဝိုင်းထဲမှာ ကျုးကျော်တဲ့ ယာတွေကို ဒေသခံပြည်သူ အစုအဖွဲ့ပိုင် အဖြစ် တည်ထောင်ခွင့်ပေးမယ်ဆိုရင် သူ့ရဲ့ရည်မှန်းချက်ကို အများကြီး မီလာနိုင်ပါတယ်”ဟု ပြောသည်။
ထို့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန် FFI နှင့်အတူ ပူးပေါင်းဆောင်ရွက် မှုများ ပြုလုပ်လျက်ရှိသည်။
၂၀၁၅ ခုနှစ်အတွင်း FFI ကလည်း အသေးစားငွေကြေး ထောက်ပံ့ခြင်းနှင့် နည်းပညာအကူအညီပေးခြင်းအတွက် ထပ်မံပြီး အစု အဖွဲ့ပိုင် သစ်တောအဖွဲ့ပေါင်း ၄၀ ကျော်ကို ပံ့ပိုးပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
ဒေသခံပြည်သူအစုအဖွဲ့ပိုင်စီမံကိန်းအကြံပေး ဦးမြင့်စိုးဦးက “အခုနှစ်အတွင်း အဖွဲ့ ၄၀ ကို ထပ်တိုးပေးမယ် သူတို့ အဆိုပြုလွှာတွေပေါ်မှာ မူတည်ပြီးတော့ ပေးမှာ ။ သိန်း ၂၀ လျာထားတယ်။ အဲဒီက ပေးရတာက ပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းဖို့ တဖက်ကလည်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင်ပေါ့”ဟု ပြောသည်။
ထို့သို့ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ တည်ထောင်ရန် စီမံကိန်းများဖြင့် လုပ်ဆောင်နေသော်လည်း အောင်မြင် မှုနည်းပါးနေသေးကြောင်း၊ ပြည်ပသို့တင်ပို့နိုင်ရန် လုပ်ဆောင်နေသော်လည်း သုတေသနပြုချက်အရ အကန့်အသတ်များရှိနေခြင်း၊ လက်ရှိ ဈေးကွက်အနေအထားအရလည်း နိုင်ငံတော်အဆင့်အနေဖြင့် မဖြစ်နိုင်သေးကြောင်း FFI ၏ သုံးသပ်ထားသည်။
အဆိုပါ စီမံကိန်းကာလအတွင်း လေ့လာဆန်းစစ်မှု အနေဖြင့် မတူညီသောဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီ၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် သုတေသနများကို ပြုလုပ်ခဲ့သည်။