ဥရောပသမဂ္ဂက မြန်မာအစိုးရနှင့် ခရိုနီဟု အများကခေါ်ကြသော စီးပွားရေးလုပ်ငန်းရှင်များ အပေါ် ချမှတ်ထားသည့် ဒဏ်ခတ် ပိတ်ဆို့မှု ဆန်ရှင်ကို စောစီးစွာ ရုပ်သိမ်းပေးခဲ့သည်။
အမေရိကန်ကမူ ယခုအချိန်အထိ ဆန်ရှင်စာရင်းထဲပါသူများကို ပယ်ဖျက်ပေးရန်အတွက် စိစစ်နေဆဲဖြစ်သည်။
ခရိုနီများထဲမှ “ခရိုနီကောင်း”တချို့ကို ဆွဲထုတ်ပြီး စံပြ ခရိုနီဟုဆိုကာ ထိုသူတို့၏ လွန်ခဲ့သော ၂ နှစ် ၃ နှစ်အတွင်းက လုပ်ဆောင် ခဲ့သည့် လူမှုရေး လုပ်ဆောင်ချက်များ၊ မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် ထိုသူတို့၏ အကောင်းဘက်မှ လုပ်ဆောင်ချက်များ လူထုအကြားတွင် နာမည်ကောင်း ရှိခဲ့မှုများကို အမှတ်ပေးပြီး ပယ်ဖျက်နိုင်ကြောင်း သိရသည်။
ယမန်နှစ်က ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို ဆန်ရှင်စာရင်းအသစ်ထဲ ထည့်သွင်းသကဲ့သို့ ဦးအောင်သောင်းကိုလည်း ဆန်ရှင် စာရင်းသစ်ထဲ ထည့်လိုက်သည်။
တပ်မတော် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ပြည်ထောင်စုက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ပိတ်ပင်ထားသော ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားထံမှ လက်နက်ဝယ်ယူသည်ဟု ဆိုကာ ဒဏ်ခတ်မှု စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအတွင်း သြဇာကြီးမားသူဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်သည့် ဦးအောင်သောင်း ကိုမူ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အားနည်းသွားစေရန် အကြမ်းဖက်ဖိနှိပ်မှုများနှင့် အဂတိလိုက်စားမှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီး အတိုက်အခံ ဒီမိုကရေစီ အင်အားစုများကို နှိနင်းရာတွင် ပါဝင် ပတ်သက်သူဖြစ်သည်ဟု ဆိုပြီး အမေရိကန် က ဒဏ်ခတ်စာရင်းထဲ သွင်းခဲ့ခြင်းဖြစ်သည်။
ရန်ကုန်အခြေစိုက် အနောက်တိုင်း သံတမန်ရပ်ကွက်၏ သတင်းများအရ ခရိုနီ စာရင်း အသစ်ကို ပြုစုနေသော လေ့လာ စောင့်ကြည့်ရေး အဖွဲ့များလည်း ရန်ကုန်တွင်ရှိနေပြီဟု သိရသည်။
ထိုအဖွဲ့များ၏ ပစ်မှတ်သည် သမ္မတဦးသိန်းစိန် တက်လာပြီး နောက်ပိုင်း ကြွယ်ဝချမ်းသာလာသော ခရိုနီ သူဌေးအသစ်များနှင့် လက်ကျန် အဟောင်းများပင်ဖြစ်သည်။
ထိုခရိုနီ အသစ်များသည် မြန်မာ့စီးပွားရေးတွင် ဟိုတယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ သယံဇာတ တူးဖော် ရေး လုပ်ငန်းများနှင့် လေကြောင်းလိုင်း လုပ်ငန်းများကိုလည်း ပါဝင်လုပ်ကိုင်နေသည်ကို ထင်ထင်ရှားရှား တွေ့ရသည်။
ထိုသူများထဲ၌ တချို့သည် မြန်မာတိုင်းရင်းသားများ ဖြစ်သော်လည်း မြန်မာစကားကို ကောင်းစွာမပြောတတ်သော တရုတ်-မြန်မာ အနွယ်ဝင် များဟု သိရသည်။
၎င်းတို့နှင့် ပတ်သက်ဆက်နွယ် ရင်းနှီးနေသူများတွင် ယခင်စစ်အစိုးရနှင့် လက်ရှိအစိုးရမှ ခေါင်းဆောင်များ၊ ဝန်ကြီးများ ပါဝင် သည်ဟုလည်း ဆိုသည်။
တချို့ ခရိုနီအသစ်များသည် မူးယစ်မောင်ခိုလုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်းနှင့် လက်နက်မှောင်ခို လုပ်ငန်းများမှ နေ့ချင်း၊ ညချင်း ဆိုသကဲ့သို့ ကြီးပွားချမ်းသာလာသူများ ဖြစ်သည်ဟု စောင့်ကြည့်လေ့လာနေကြသော အနောက်တိုင်း သံတမန် ရပ်ကွက်များက မှတ် ချက်ပြုသည်။
ထိုသူတို့သည် သူတို့၏ ငွေမည်းများကို တရားဝင် ငွေဖြူအဖြစ် ပြောင်းလဲ ခဝါချရေးအတွက် တရားဝင် စီးပွားရေးလုပ်ငန်းများတွင် အကြီးအကျယ် ငွေကြေးထည့်ဝင်နေသည်ကိုလည်း အထူးလေ့လာ စောင့်ကြည့်နေကြသည်။
ထို့ကြောင့် ယခင်ဆန်ရှင် စာရင်းဟောင်းမှ လူတချို့ကို ဖယ်ထုတ်ရန် စီစဉ်နေသော်လည်း ဆန်ရှင်စာရင်းသစ်တခု ထွက်လာ နိုင်ကြောင်းလည်း သံတမန် သတင်းရပ်ကွက်များနှင့် ဆန်ရှင်စာရင်းကို စောင့်ကြည့်နေသူများက ခန့်မှန်းနေကြသည်။