အရက်ပုလင်းများတွင် ရွှေတိဂုံစေတီပုံ တံဆိပ်များ အသုံးပြု ထုတ်လုပ်ခြင်းကြောင့် လူမှုကွန်ရက် ဖေ့ဘွတ်တွင် မြန်မာဗုဒ္ဓဘာသာဝင်များအကြား မကျေနပ်မှုများ ကျယ်ပြန့်လာနေသည်။
မလေးရှား ကုမ္ပဏီ တခုဖြစ်သည့် Teo Seng Chan ယမကာ လုပ်ငန်းက ထုတ်လုပ်သည့် Song Singha အထူး အရက်ပုလင်းများတွင် ရွှေတိဂုံစေတီပုံများ ကပ်နှိပ် ရောင်းချခြင်း ဖြစ်ပြီး ကုမ္ပဏီမှ ထုတ်ကုန်များ “အရည်အသွေး မြင့်မားသည်၊ သိမ်မွေ့ညက်ညောစေသည်” စသည်ဖြင့်လည်း ဖော်ပြထားသည်။
မြန်မာတို့ အထွဋ်အမြတ်ထားသော ရွှေတိဂုံစေတီပုံများ ကပ်နှိပ်ထားသည့် အရက်ပုလင်းပုံများကို ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် Tomorrow ဂျာနယ် Contributor ကျော်စွာမြင့်က သူ၏ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာမှ တင်ပြခဲ့ပြီးနောက် share နှင့် like လုပ်သူ များပြားကျယ်ပြန့်လာနေခြင်း ဖြစ်သည်။
ကျော်စွာမြင့်၏ ဖေ့စ်ဘုတ်လူမှုကွန်ရက် စာမျက်နှာတွင် ဒီစာမျက်နှာကို ဖြန့်ဝေပါ “Please share this post,” ဟု ရေးသားထားသည်။ “ကျနော်တို့ရဲ့ အထွဋ်အမြတ် ရွှေတိဂုံ စေတီတော်ကို မဖွယ်မရာ မလုပ်သင့်ပါဘူး။ အစိုးရအနေနဲ့လည်း ဒီကုမ္ပဏီကို ရှာဖွေပြီး တခုခု အရေးယူ ပေးစေလိုပါတယ်” ဟုလည်း ဖော်ပြထားသည်။ တခြား ဖေ့စ်ဘုတ် လူမှုကွန်ရက် အသုံးပြုသူ တဦးကလည်း ယင်း အရက် ကုမ္ပဏီကို တရားစွဲဖို့ တိုက်တွန်းထားသည်။
Teo Seng Chan ကုမ္ပဏီ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ကုမ္ပဏီကို ၁၉၈၂ ခုတွင် စတည်ထောင်ပြီး မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ် ဈေးကွက်တို့တွင် ရောင်းချနေကြောင်း သိရသည်။ ကုမ္ပဏီ လိပ်စာမှာ 37, Jalan Apollo U5/186, Bandar Pinggiran Subang, 40150, Shah Alam, Selangor, Malaysia ဖြစ်သည်။
ထုတ်ကုန် စာရင်း (Product Categories) တွင် Brandy ၊ Vodka ၊ Rum ၊ Rice ၊ Wine ၊ Whisky ၊ Gin ၊ Thai Liquor ၊ Flavor Liquor ၊ Herbal Liquor ဟု ခွဲခြားထားရာ ရွှေတိဂုံစေတီပုံပါ Special Song Singha ကို Thai Liquor စာရင်းတွင် ဖော်ပြထားသည်။
ဘာသာရေး အထွဋ်အမြတ်ထားရာ တခုကို အရက်ပုလင်းတွင် တံဆိပ်ကပ်ခြင်းကြောင့် သက်ဆိုင်ရာ ဘာသာဝင်တို့၏ စိတ်ခံစားချက် အမျက်ဒေါသကို ဖြစ်ပေါ်စေနိုင်သည်။
ပြီးခဲ့သည့် မတ်လ အတွင်း နယူးဇီလန် လူမျိုး ၁ ဦးနှင့် မြန်မာ လူမျိုး ၂ ဦးတို့အား ဘာသာရေး စော်ကားမှုဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ် အရေးယူခဲ့ကြောင်း၊ အရက်ဆိုင် အတွင်း အရောင်း မြှင့်တင်ရေး အတွက် ဗုဒ္ဓဘုရား ပုံတော်ကို နားကြပ်တပ်ဆင် ထားသည့် ပုံများ ဖေ့စ်ဘုတ် စာမျက်နှာများပေါ် ရောက်ရှိလာရာမှ အရေးယူခံရခြင်း ဖြစ်သည်။