အမေရိကန်အစိုးရနှင့် မြန်မာအစိုးရအကြား ဆက်ဆံရေးကောင်းမွန်ရေးအတွက် မြန်မာအစိုးရက ဝါရှင်တန်အခြေစိုက် အမေရိကန် အကျိုးဆောင်ကုမ္ပဏီတခုဖြစ်သည့် Podesta ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၈ သိန်းကျော်ပေး၍ ငှားရမ်း သည့် အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုလိုက်သည်။
အမေရိကန်အစိုးရနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းရရှိရန် ယခုကဲ့သို့ ငွေကြေးအကုန်အကျခံငှားရမ်းမှုအပေါ် ငွေဖြုန်းတီးမှု အဖြစ် ပြည်တွင်း၊ ပြည်ပနိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်နေချိန် ဒေါ်အောင်ဆန်းစုကြည် ကလည်း ယခု အပတ် RFA သတင်းဌာနနှင့် မေးမြန်းခန်းတခုတွင် ထိုသို့ ဝေဖန်ပြောဆိုသွားခြင်းဖြစ်သည်။
“ဘာအတွက်ငှားရမ်းတာလဲဆိုတာကို စိတ်ဝင်စားတယ်။ သူတို့အတွက်လော်ဘီလုပ်ပေးဖို့ဆိုတာ ဘာအတွက် လော်ဘီ လုပ်ပေးဖို့လဲ။ တကယ်တော့ အစိုးရတခုရဲ့တာဝန်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေ ကောင်းကျိုးကို ဆောင်ရွက်ဖို့ပဲ။ အဲဒီ တာဝန် ကျေနေပြီဆိုရင် ဒီလိုအဖွဲ့တွေကို ဘာကြောင့် ငှားဖို့လိုလဲ” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။
မြန်မာအစိုးရက Podesta Group အမည်ရ နာမည်ကြီး အကျိုးတော်ဆောင်အဖွဲ့ကို ယခုနှစ် မတ်လ ၃၁ ရက်နေ့ ငှားရမ်း လိုက်ခြင်းဖြစ်ပြီး စာချုပ်ကို မြန်မာအစိုးရကိုယ်စား အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် Podesta Group ၏ အမှုဆောင်အရာရှိချုပ် Kimberley Fritts တို့အကြား လက်မှတ်ရေးထိုးခဲ့သည်။ စာချုပ်သက်တမ်းက တနှစ်ဖြစ်ပြီး မြန်မာ အစိုးရက Podesta Group သို့ ၃ လတကြိမ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၂၁၀၀၀၀ ပေးချေရမည်ဖြစ်ကာ တနှစ်စာ အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၄၀၀၀၀ ပေးချေရမည်ဖြစ်သည်။
Podesta ကိုငှားရမ်းလိုက်သည့်အတွက် အမေရိကန် အစိုးရ၊ ကွန်ဂရက်လွှတ်တော်၊ အမေရိကန်ပြည်သူ များနှင့် သတင်း မီဒီယာများ အနေဖြင့် သတင်းအချက်အလက်များပိုရပြီး မြန်မာအစိုးရ လုပ်ဆောင်မှုများအပေါ် ပိုပြီးနားလည် လာလိမ့် မည်ဟု သမ္မတ အကြံပေး ဦးကိုကိုလှိုင် က ဧရာဝတီသို့ပြောသည်။
“ဘာကြောင့်လည်းဆိုတော့ ရှင်းပါတယ်ဗျာ။ အမေရိကန်နိုင်ငံက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး နိုင်ငံဖြစ်တယ်။ ကျနော် တို့ အပေါ်မှာလည်း အခုအချိန်ထိအောင် ပိတ်ဆို့မှုတွေကို လျှော့ပေးထားတယ်ဆိုပေမယ့်လည်း အပြီးအပိုင် ဖြုတ်နိုင် သေးတာ မဟုတ်သေးဘူးလေ။ အဲတော့ ပိတ်ဆို့မှုတွေ အပြီးအပိုင် မဖြုတ်သေးနိုင်ဘူးဆိုရင်လည်းပဲ ကျနော်တို့ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေမှာက အရင်ထက်စာရင် ကောင်းလာပေမယ့်လည်း အနှောင့်အယှက်လေးတွေ ရှိသေး တာ ပေါ့” ဟု ဦးကိုကိုလှိုင် က ပြောသည်။
၂ နိုင်ငံဆက်ဆံရေး ကောင်းမွန်စေရန် ယခုကဲ့သို့ အကျိုးဆောင်အဖွဲ့မျိုး ငှားရမ်းလုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံ တခု တည်း မဟုတ်ဘဲ အခြားတိုင်းပြည် တချို့လည်း ပြုလုပ်လေ့ရှိကြောင်း၊ လက်ရှိ မြန်မာအစိုးရက Podesta ကိုငှားရမ်း သည့် အခကြေး ငွေသည် မြင့်မားသည့် ပမာဏမဟုတ်ကြောင်း၊ နိုင်ငံ့အကျိုးမျှော်ကိုးပြီး လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် ငွေဖြုန်း တီးခြင်း မဟုတ်ဟု ဦးကိုကိုလှိုင်က ရှင်းပြသည်။
အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်ရန် အကျိုးဆောင်အဖွဲ့များ ငှားရမ်း လုပ်ဆောင်မှုများကို ယခင်စစ်အစိုးရ လက်ထက်ကလည်း လုပ်ဆောင်ခဲ့ဖူးသည်။ ၁၉၉၆ ခုနှစ် နောက်ပိုင်း သမ္မတဘီလ်ကလင်တန်အစိုးရ (ဒီမိုကရက်တစ်)က ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု မူဝါဒ စတင်ချမှတ်ခဲ့စဉ်က စစ်အစိုးရက Bain and Associates ဆိုသည့် အဖွဲ့နှင့် Jefferson Waterman International and DCI Associates စသည့် အကျိုးဆောင် ကုမ္ပဏီများ ငှားရမ်း၍ အမေရိကန်နှင့် ဆက်ဆံရေး ကောင်းမွန်စေရန် ကြိုးပမ်းခဲ့ဖူးသည်။
သို့သော်လည်း စစ်အစိုးရ၏ လူ့အခွင့် အရေးချိုးဖောက် ဖိနှိပ်မှုများ ပြင်းထန်နေသည့် မြန်မာနိုင်ငံအတွက် အကျိုးဆောင် များ ငှားရမ်းမှုသည် ရလာဒ်ကောင်းမထွက်ခဲ့ပေ။ Podesta Group ကို John Podesta နှင့် Tony Podesta တို့က တည် ထောင်ခဲ့ခြင်းဖြစ်ပြီး John Podesta သည် ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်မည့် ဟီလာရီ ကလင် တန် ၏ ဝါရင့် အကြံပေးအဖြစ် မကြာသေးခင်က ရွေးချယ်ခံထားရသူဖြစ်သည်။ ၎င်းသည် ယခင်က လည်း အိမ်ဖြူ တော်၏ ထိပ်ပိုင်း အကြံပေးပုဂ္ဂိုလ်အဖြစ်တာဝန်ယူခဲ့ကာ ဝါရှင်တန်နိုင်ငံရေး လောကတွင် လူသိများသူတဦး ဖြစ်ပြီး သမ္မတ ဘီလ်ကလင်တန် လက်ထက်တွင် အိမ်ဖြူတော်၏ ဌာနကြီး မှူး ( Chief of Staff) တာဝန်ကို ယူခဲ့သူ လည်းဖြစ်သည်။