ဘရူနိုင်းဘုရင်၏ ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံနီးပါးရှိမည်ဟု ခန့်မှန်းရပြီး အိပ်ခန်း ၁၇၀၀ ရှိသည့် နန်းတော်တွင် နေထိုင်သည်။ အနောက်တိုင်း အဆင့်မြင့်ဇိမ်ခံပစ္စည်းများနှင့် မွေ့လျော်တတ်သူဖြစ်ပြီး မိန်းမချောများကို နှစ်သက် သဘောကျသည်။ သြစတြေးလျရုပ်သံလိုင်းတခု ဖြစ်သည့် Nine Network ၏ “မိနစ် ၆၀ (60 Minuites)” အစီအစဉ်က သူ၏ အသုံးအဖြုံးကြီးမားမှုကို ဖွင့်ချခဲ့သည်။
ဘရူနိုင်းဘုရင်က ယမန်နှစ်ကစ၍ Sharia ဥပဒေကို ကျင့်သုံးခဲ့သည်။ ထိုဥပဒေအရ သူခိုးများကို လက်ကို ဖြတ်၍ အ ပြစ်ပေး နိုင်သလို အိမ်ထောင်ရေးဖောက်ပြန်သူများ လိင်တူဆက်ဆံသူများကို အသက်သေသည်အထိ ကျောက်ခဲများနှင့် ပစ်ပေါက်၍ အပြစ်ပေးသည်။ သို့သော် ဘုရင်နှင့် သူ၏ တော်ဝင်မိသားစုကလွဲ၍ ဘရူနိုင်း နိုင်ငံတွင် နေထိုင်သူ အားလုံး ထိုဥပဒေသက်ရောက်ပါသည်။
“မိနစ် ၆၀” အစီအစဉ်ကို တင်ဆက်သူ Alison Langdon သည် ဘရူနိုင်း နိုင်ငံတလွှားကို ခရီးထွက်ခဲ့ပြီး တင်းကြပ်သောအုပ်ချုပ်မှုက နိုင်ငံသားများအပေါ် မည်သို့ သက်ရောက်သည်ဆိုခြင်းကို ဖော်ထုတ်ခဲ့သလို ဘုရင်၏ မောင်းမဆောင်တွင် နေထိုင်ခဲ့ဖူးသော အမျိုးသမီးတယောက်နှင့်လည်း စကားပြောခဲ့သည်။
“ဘရူနိုင်းကို သွားပြီး ဆူလတန်နဲ့ စကားပြောခွင့်ရဖို့ ကျမတို့ ၆ လလောက်ကြိုးစားခဲ့ပေမယ့် ညင်းပယ်ခံခဲ့ရပါတယ်။ ဒါ ကြောင့် နောက်ဆုံးတော့ ကမ္ဘာလှည့် ခရီးသည် အနေနဲ့ သွားဖို့ ဆုံးဖြတ်လိုက်ရပါတယ်” ဟု Alison Langdon က news.com.au သို့ အစီအစဉ် မတိုင်မီ ပြောပြခဲ့သည်။
ဘရူနိုင်းနိုင်ငံသည် လှပသည့်နိုင်ငံတခုဖြစ်သော်လည်း တင်းကြပ်စွာထိန်းချုပ်ထားသည့် နိုင်ငံတခုဖြစ်သည့် အတွက် ဘရူနိုင်း နိုင်ငံသားများက တော်ဝင်မိသားစုကို ဝေဖန်ပြောဆိုခြင်းလုံး၀ မရှိကြောင်းတွေ့ရှိခဲ့ရသည်ဟု သူက ရှင်းပြသည်။ မဝေဖန်ကြခြင်း၏ အဓိက အကြောင်းမှာ တော်ဝင်မိသားစုကို ဝေဖန်ခြင်းက ရာဇဝတ်မှုမြောက်သောကြောင့် ဖြစ်သည်။ ထို့ပြင် ဆူလတန်ဘုရင်နှင့် သူ၏ ညီဖြစ်သူ မင်းသား Jefri ၏ အပျော်အပါးလိုက်စားမှုများကို သတိထားမိကြပုံမရဟု Alison Langdon က ဆိုသည်။
သူတို့ ညီအစ်ကို ၂ ယောက်လုံးသည် မိန်းမချောများကို သဘောကျသူများ ဖြစ်သည်။ သူတို့ ၂ ယောက်၏ အသုံးအစွဲကြီးမားမှုနှင့် ကလေးငယ်များ အရုပ်စုဆောင်းသည့်ပမာ မိန်းမများစုဆောင်းရခြင်းကို ခုံမင်ခြင်းတို့ကြောင့် တက်ညီလက်ညီ အပျော်အပါးလိုက်စားသူများဟု ၂၀၁၁ ခုနှစ်တွင် အမေရိကန် အခြေစိုက် Vanity Fair မဂ္ဂဇင်းက အမည်တပ်ခဲ့ဖူးသည်။ ထို့ပြင် မင်းသား Jefri က တိုင်းပြည်ဘဏ္ဍာထဲမှ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံခန့် ထုတ်ယူခဲ့သည်ဟု စွပ်စွဲခံခဲ့ရသူ ဖြစ်သည်။
ဆူလတန် ဘုရင်နှင့် မင်းသား Jefri တို့၏ မောင်းမဆောင်တွင် နေထိုင်ခဲ့ဖူးသော အမေရိကန်နိုင်ငံသူ Jillian Lauren က ၎င်းတို့ ၂ ဦးသည် အလွန်အပျော်အပါးလိုက်စားသူများ ဖြစ်သည်ဟု “မိနစ် ၆၀” အစီအစဉ် သို့ပြောသည်။ မိန်းကလေး များ ၏ အသက်အရွယ်ကိုလည်း သူတို့က အရေးမစိုက်ဟု ဆိုသည်။
“အသက် ၁၈ နှစ် မှာ သူ (Jillian Lauren) မောင်းမ ဆောင်ကိုရောက်တော့ တခြားမိန်းကလေး ၃၀ ကျော် ၄၀ နီးပါး လောက်ရှိတယ်လို့ ပြောပါတယ်။ တချို့က အသက် ၁၅ နှစ်လောက်ပဲ ရှိသေးတယ်တဲ့။ သူ အဲဒီမှာ ၁ နှစ်လောက်နေခဲ့ တယ်။ ဒေါ်လာ သိန်းနဲ့ချီပြီးတန်တဲ့ လက်ဆောင်တွေ၊ လက်ဝတ်ရတနာတွေနဲ့ အဝတ်အစားတွေရခဲ့တယ်။ ဆူလတန် ဘုရင်ရဲ့ ညီအငယ် မင်းသား Jefri က သူ့ကို မျက်စိကျခဲ့တဲ့အတွက် ကောင်းကောင်းမွန်မွန် နေခဲ့ရတယ်” ဟု Alison Langdon ကပြောသည်။
“သူက မင်းသားအတွက် ကစားစရာတခုပဲ။ သူနဲ့ အကြိမ်ရေ ရာနဲ့ချီပြီး ပျော်ပါးပြီးနောက်မှာတော့ မင်းသား Jefri က သူ့ကို ဘုရင်ဆီ လက်ဆောင်အဖြစ် ပေးလိုက်တယ်။ ဘုရင်ကို လိင်မှုကိစ္စ ပျော်တော်ဆက်ပေးခဲ့ရတဲ့ အကြောင်းတွေ အသေးစိတ်ကိုလည်း သူက ပြောပါတယ်။”
သူတို့အဖွဲ့က ဘရူနိုင်း နိုင်ငံတွင် ၅ ရက်ကြာနေထိုင်ခဲ့ပြီး လျှို့ဝှက်မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့သည်ဟု Alison Langdon ကပြောသည်။ အပြောင်းအလဲ အသစ်များနှင့် ပတ်သက်သည့် ပြည်သူတို့၏ ဒေါသကို ဖော်ထုတ်ရန် ကြိုးစား ခဲ့သည်။ သို့သော်လည်း ဘရူနိုင်း နိုင်ငံသားများက Sharia ဥပဒေကို စိတ်မဝင်စားသည့် အသွင်ရှိနေသည်ကို တွေ့ရှိခဲ့ ရသည်။
ဘရူနိုင်း နိုင်ငံတွင် လူဦးရေ ၄၁၅ ၀၀၀ ရှိပြီး Forbes မဂ္ဂဇင်း၏ သတ်မှတ်ချက်အရ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အချမ်းသာ ဆုံးနိုင်ငံဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ အလွန်ကြွယ်ဝသည့် အတွက်ကြောင့်ဖြစ်သည်။
ဆူလတန် ဘုရင်ကတော့ “မိနစ် ၆၀” အစီအစဉ်နှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့ပါသည်။
သတင်း အစအဆုံးကို https://www.youtube.com/watch?v=TPLS0ib4EqI မှာ ကြည့်နိုင်သည်။