ထိုင်းအစိုးရ ရုပ်သံမီဒီယာ(TPBS) က ပျူမြို့ဟောင်းတွေဖြစ်တဲ့ ဗိဿနိုးနဲ့ သရေခေတ္တရာမြို့ဟောင်းတွေ အကြောင်း A touch of ASEAN အစီအစဉ်မှာပြသဖို့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှု ပြုလုပ်နေပါတယ်။
ဒီအစီအစဉ်ဟာ ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ TPBS တို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး အာဆီယံနိုင်ငံတွေရဲ့ ကွဲပြားတဲ့ ယဉ် ကျေးမှုတွေကို ဒေသတွင်းပြည်သူတွေ ပိုမိုသိရှိစေဖို့ ရည်ရွယ်ချက်နဲ့ ထုတ်လွှင့်ပြသဖို့ ရိုက်ကူးတာဖြစ်တယ်လို့ ယဉ်ကျေးမှုဝန်ကြီး ဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က ဧရာဝတီကိုပြောပါတယ်။
“ယဉ်ကျေးမှုဆိုင်ရာတွေကို အဓိကလိုက်ရိုက်နေတာ Documentaryပါ၊ ဒီတခေါက်တော့ အချိန်မရလို့ သရေခေတ္တရာနဲ့ ဗိဿနိုးကိုပဲ ရိုက်နိုင်ခဲ့တယ်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ရတာ တမြို့တည်းကြောင့် ရတာမဟုတ်ဘူး။ နှစ်မြို့တည်း ကြောင့် ရတာလည်း မဟုတ်ဘူး။ သုံးမြို့ပေါင်းပြီးရခဲ့တာဆိုတော့ ဟန်လင်းနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ပေးလိုက်တယ်။ သူတို့ထုတ်လွှင့်တဲ့အခါ သူတို့ တည်းဖြတ်ပြီး သုံးမြို့လုံး ထည့်လုပ်နိုင်အောင်ပါ”လို့ သူက ဆိုပါတယ်။
အာဆီယံနိုင်ငံများအတွင်း ရှေးဟောင်း မြို့ပြနိုင်ငံ(City State) ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် ပျူမြို့ဟောင်းများမှာသာမြင်တွေ့ခဲ့ရကြောင်းနှင့် အိန္ဒိယမှ ဗုဒ္ဓဘာသာအယူအဆများမှာ ပျူမြို့များသို့ ရောက်ရှိကာ အရှေ့တောင်အာရှနိုင်ငံများသို့ ပျံ့နှံ့ရောက်ရှိသွားကြောင်းများကို ထူးထူးခြားခြား သိမြင်ခဲ့ရတယ်လို့ ရိုက်ကူးရေးအတွက် လာရောက်သူများက မှတ်ချက်ပေးပြောဆိုခဲ့ကြောင်း ဒေါက်တာ သန်းထိုက်က ဆက်ပြောပါတယ်။
ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး စတဲ့ ရှေးဟောင်းမြို့သုံးမြို့ကို ပြီးခဲ့တဲ့နှစ်က World Heritage List ကမ္ဘာ့အမွေအနှစ် စာရင်း ဝင် အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။
ပျူမြို့ဟောင်းများ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ဖြစ်ပြီးနောက်ပိုင်း နိုင်ငံခြား ရုပ်သံများဖြစ်သော ဂျပန် NHK သတင်းဌာန၊ ပြင်သစ် ရုပ်သံ မီဒီယာတခုနှင့် ထိုင်းအစိုးရ ရုပ်သံလိုင်းဖြစ်သော TPBS တို့က မှတ်တမ်းရုပ်ရှင်များ လာရောက် ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။
TPBS အနေနဲ့ မနက်ဖြန်မှာ ပြည်မြို့ဝန်းကျင်က အကောက်တောင် အပါအဝင် ဧရာဝတီမြစ်အလှကိုလည်း ရိုက်ကူးမှာ ဖြစ်ပါတယ်။
အခုအခါမှာတော့ ထိုင်းနိုင်ငံမှာ ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြားလိုင်းတွေမှာ မြန်မာနိုင်ငံက ပုဂံ၊ အင်းလေး၊ မန္တလေး၊ ရန်ကုန်၊ ကျိုက်ထီးရိုး စတဲ့ နေရာတွေနဲ့ ယဉ်ကျေးမှုတွေအကြောင်း မကြာခဏဆိုသလို ပြသ နေတာကို တွေ့ရပါတယ်။