ပုဂ္ဂလိက ကုမ္ပဏီ လုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများ၏ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးအတွက် ညှိနှိုင်းမှုများမပြေလည်သေး၍ ဆက်လက် ကြန့်ကြာနေဦးမည် ဖြစ်ကြောင်း သတင်းရသည်။
အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အစိုးရပိုင်းက အနည်းဆုံး လုပ်ခလစာကို တနိုင်ငံလုံး တပြေးညီ သတ်မှတ်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သတ်မှတ် ရေး၊ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ရေး၊ လုပ်ငန်းကျွမ်းကျင်မှု အလိုက် သတ်မှတ်ရေးနှင့် ဦးစားပေး လုပ်ငန်း အလိုက် သတ်မှတ်ရေးဟု အမျိုးအစားခွဲခြားသတ်မှတ်ရန် စဉ်းစားသုံးသပ်နေသည်ဟု လုပ်ငန်းရှင် အသိုင်းအဝိုင်းကလည်း ပြောဆိုသည်။
အလုပ်သမားများက ၎င်းတို့၏ အခြေခံ လုပ်ခလစာကို တရက်လျှင် အနည်းဆုံး ကျပ် ၄၀၀၀ နှင့်အထက် သတ်မှတ်ပေးရန် တောင်း ဆိုနေကြပြီး အထည်ချုပ် လုပ်ငန်းရှင်များက တရက်လျှင် ၁၅၀၀ ကျပ်နှင့် အခြား အသေးစားနှင့်အလတ်စား လုပ်ငန်းရှင်များက ၃၀၀၀ ကျပ် ပေးမည်ဟု ပြောဆိုကြသည့်အတွက် ယနေ့အချိန်ထိ ညှိနှိုင်းမှု မပြေလည်သေးကြောင်း သိရသည်။
“အလုပ်သမားတွေကတော့ ၄၀၀၀ ကျပ်နှင့် အထက်ရမှ အဆင်ပြေမယ့် သဘောရှိတယ်။ အစိုးရ ဝန်ထမ်းတွေလည်း အနိမ့်ဆုံး လခ က တသိန်း ၂ သောင်းလောက် ရတော့ ပုဂ္ဂလိက ဝန်ထမ်းတွေလည်း အဲဒီထက် မလျော့ချင်ဘူး။ လျော့ရင်လည်း သူတို့အတွက် စားဝတ်နေရေး ဘယ်လိုမှအဆင်မပြေဘူး”ဟု အလုပ်သမားဆိုင်ရာ အမျိုးသားအဆင့် ကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က ဧပြီ ၂၆ ရက်က ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံခန်းမတွင် ပြုလုပ်သည့် အစိုးရနှင့် အလုပ်သမား ကိုယ်စားလှယ်များ ဆွေးနွေးပွဲတွင် ပြောဆိုသည်။
အလုပ်သမားများသည် မူလက ကျပ် ၇၀၀၀ တောင်းဆိုခဲ့ရာမှ နောက်ပိုင်းတွင် ကျပ် ၅၀၀၀ တောင်းဆိုခဲ့ကြောင်း၊ ညှိနှိုင်းရင်းဖြင့် ကျပ် ၄၀၀၀ နှင့် အထက် ဖြစ်လာကြောင်း၊ ထို့ကြောင့် အလုပ်သမားများဘက်က ညှိနှိုင်းမှု ပေးပြီးသွား၍ အလုပ်ရှင်များ ဘက်က ထပ် မံ စဉ်းစားရန် လိုအပ်ကြောင်းလည်းလည်း ၎င်းက ဆက်ပြောသည်။
အခြေခံလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် စစ်တမ်းကောက်ယူရေးနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီ ၂၅ ရက်ကလည်း အစိုးရ အဖွဲ့နှင့် လုပ်ငန်းရှင်များသည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တွင် လည်းကောင်း၊ ဧပြီ ၂၆ တွင် ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံခန်းမတွင်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရ သည်။
အမည်မဖော်လိုသူ လုပ်ငန်းရှင် တဦးက“အထည်ချုပ် လုပ်ငန်းရှင်တွေက ၁၅၀၀ ကျပ်ထက် ပိုပြီး တိုးမပေးနိုင်ကြဘူး ပြောတယ်။ အကြောင်းပြချက်ကတော့ လုပ်ငန်းအတွက် တွက်ခြေ မကိုက်ဘူးလို့ ပြောတာပဲ။ လုပ်ငန်းရှင်တွေက သူတို့စက်ရုံတွေ အတွက် တိုက်ရိုက် အမှာစာရကြတာ မဟုတ်ဘဲ တဆင့်ခံ အမှာစာတွေပဲ ရကြတော့ အမြတ်နည်းတယ်ဆိုတဲ့ ဆင်ခြေပေးတာမျိုး ရှိတယ်။ တခြားလုပ်ငန်းရှင်တွေကတော့ ၃၀၀၀ ကျပ်လောက် အထိ ပေးနိုင်ကြတယ် ပြောကြတယ်”ဟု ပြောသည်။
၎င်းသည် ဧပြီ ၂၅ ရက် က အစိုးရ အဖွဲ့နှင့် အလုပ်ရှင်များ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် လုပ်ငန်းရှင် တဦး ဖြစ်သည်။
လှိုင်သာယာ စက်မှုဇုန် တခုတည်း၌ပင် စက်ရုံပေါင်း ၁၀၀၀ ကျော်၊ အလုပ်သမား ၁ သိန်းခွဲကျော် ရှိပြီး ထိုစက်မှုဇုန်၌ လာရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများမှာ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် ပြင်သစ်နိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။
“၄၀၀၀ ကျပ်အောက် နည်းနေရင် အလုပ်သမားတွေ ဘဝက ဒုံရင်းဒုံရင်းပဲ ဖြစ်လာမှာ။ အခုတောင် ဝန်ထမ်းလစာတွေ တိုးလာတဲ့ အချိန်မှာ ကုန်ဈေးနှုန်းတွေက တက်လာပြီလေ။ သူတို့ဘဝတွေက နစ်သထက် နစ်ဖို့ပဲ ရှိမှာပဲ။ တကယ်တမ်း အလုပ်သမား ဝင်ငွေကောင်းလာရင် ပြည်တွင်းဈေးကွက်ကြီးတွေလည်း ထပ်ဖြစ်လာနိုင်တယ်။ နိုင်ငံတကာ အဆင့်နဲ့ဆို ၂ ဒေါ်လာနဲ့ အထက် ပေးရမှာကို လုပ်ငန်းရှင်တွေက မပေးနိုင်ဘူး ဖြစ်နေတယ်”ဟု ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောသည်။
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကလည်း အလုပ်သမားများ ကိုယ့်ဂုဏ်သိက္ခာနှင့် နေထိုင်စားသောက်နိုင်ရန် အတွက် ထိုက်သင့်သည့် ဝင်ငွေရရှိရန် လိုအပ်သည်ဟု ပြောဆိုထားသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းကလည်း အနည်းဆုံး လုပ်ခလစာ သတ် မှတ်နိုင်ရန် လက်ရှိပြုလုပ်နေသော ဆွေးနွေးပွဲများမှ ရလဒ်များနှင့် ယခင်က ကောက်ယူခဲ့သော စစ်တမ်းများကို မေလတွင် အမျိုးသား အဆင့် ကော်မတီ ဆွေးနွေးပွဲ ပြုလုပ်ရန် လျာထားကြောင်း၊ မေလကုန်တွင် ကိန်းဂဏန်း အကြမ်းဖျင်း ထွက်ပေါ်လာနိုင်ကြောင်း ဧပြီ ၂၄ ရက်က ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းနှင့် အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ပြော ဆိုခဲ့သည်။
လှိုင်သာယာစက်မှုဇုန် New Way အထည်ချုပ် စက်ရုံမှ အခြေခံ အလုပ်သမားသမဂ္ဂ အမှုဆောင် ဒေါ်ကြည်ကြည်ထွန်းကမူ“ပုဂ္ဂလိ က လုပ်ငန်းတွေမှာရှိတဲ့ အလုပ်သမားတွေက လစာဝင်ငွေ မလောက်ငမှုကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားနေတယ်။ အလုပ်သမား တွေမှာ အခြေခံလစာ နည်းပါးမှုကြောင့် စားဝတ်နေရေး အလွန်အခက်အခဲ ဖြစ်ကြတယ်။ အနည်းဆုံး အခကြေးငွေ အမြန်ဆုံး ပြဌာန်းနိုင် ဖို့ လိုအပ်တယ်”ဟု ပြောသည်။
နိုင်ငံတော်က သတ်မှတ်ထားသော လစာနှုန်းထားထက် မနည်းသည့် နှုန်းထားတရပ် ဖြစ်ရန်လည်း လိုအပ်ကြောင်း၊ အလုပ်သမား တွေရဲ့ အလုပ်နှစ်သက်တမ်းအရ တိုးသည့် ငွေကြေးကို ရာခိုင်နှုန်း တရပ်နှင့် တိုးမြှင့်ပေးရန်၊ အလုပ်သမား ရှားပါးစရိတ်ကို လိုအပ် သကဲ့သို့ သတ်မှတ်ပေးရန် မူဝါဒ ချမှတ်ပေးစေလိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။
စက်မှုဇုန် အလုပ်သမားတဦး၏ အခြေခံလစာသည် တရက်လျှင် ၇၀၀ ကျပ်မှ ၁၈၀၀ ကျပ် အကြား ရရှိပြီး ဆုကြေး၊ ရှားပါးစရိတ် နှင့် အချိန်ပိုကြေး ထပ်ရရှိကြောင်း၊ အလုပ် တရက်ပျက်လျှင် လုပ်ငန်းရှင်က ငွေ ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိ ပြန်လည် ဖြတ်ယူကြောင်း၊ ထို့ကြောင့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက် ထွက်ပေါ်လာပါက လစာနှင့် အခြား အခွင့်အရေးဆိုင်ရာ ပြဿနာတချို့ပြေလည်နိုင်ဖွယ် ရှိကြောင်း အလုပ်သမားများက ပြောဆိုကြသည်။
နိုင်ငံတဝန်း အလုပ်သမား လုပ်ခလစာ နည်းပါးမှုနှင့် အလုပ်သမားအခွင့်အရေး မရရှိကြသည့်အတွက် ဆန္ဒထုတ်ဖော်မှု၊ တောင်းဆို မှုများ ယနေ့အထိ ဖြစ်ပွားနေဆဲ ဖြစ်သည်။
၂၀၁၁ ခုနှစ် တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြမှုများမှစတင်၍ ယနေ့အချိန်ထိ ဆန္ဒပြမှုနှင့် အလုပ်သမား အခွင့်အရေး တောင်း ဆိုမှုပေါင်း ၆၀ဝ ခန့် ဖြစ်ပွားခဲ့ပြီး စက်မှုဇုန် အလုပ်သမား ဆန္ဒပြမှုများသည် အများဆုံး ဖြစ်သည်။
အစိုးရက ထိုသို့ဆန္ဒပြတောင်းဆိုသူ အလုပ်သမားတချို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ လူစုလူဝေး ပြုလုပ်မှုများဖြင့် ပုဒ်မတပ် အရေးယူလျက် ရှိနေသည်။