ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်-မူဆယ် ကားလမ်း၌ ဖြတ်သန်းသွားလာနေသော ယာဉ်များကို ယခုရက်ပိုင်းတွင် လက်နက်ကိုင် တပ်ဖွဲ့တချို့က ဆက်ကြေးငွေ ကောက်ခံနေကြောင်း သိရသည်။
ဆက်ကြေးငွေ ကောက်ခံရာတွင် ခရီးသွားယာဉ်(Express) ကားတစီးလျှင် ၂ သိန်းကျပ်၊ ခရီးသွား ကားငယ် တစီးလျှင် ၅ သောင်း ကျပ်၊ အိမ်သုံးကား တစီးလျှင် ၃ သောင်း နှင့် ကုန်တင်ယာဉ် ၁၂ ဘီး ကားတစီးကို ၅ သိန်းကျပ်ဖြင့် ဆက်ကြေး ကောက်ခံ နေကြောင်း လားရှိုး-မူဆယ်လမ်း ခရီးသည်တင် ယာဉ်မောင်း ဦးကျော်(အမည်လွှဲထားသူ)က ဧရာဝတီကို ပြောသည်။
“သူတို့တွေက လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဆက်ကြေး တောင်းနေတယ်။ သူတို့က တနေရာကို အကြာကြီးမနေဘူး။ နာရီဝက်ပဲ နေ တယ်။ ကျနော်တို့လည်း သတင်းကိုစောင့်ပြီး သွားလာနေရတာ။ သူတို့တောင်းတာ မပေးရင် ကားပေါ်ပါတဲ့လူတွေကို ဖမ်းမယ်၊ ကား ကိုလည်း မီးရှို့ပစ်မယ်လို့ ဆက်ကြေး ကောက်တာခံရဖူးတဲ့ ကားသမားတွေဆီက ကြားရတော့ ကြောက်တယ်”ဟုလည်း ၎င်း က ဆိုသည်။
ယနေ့တွင် လားရှိုး-မူဆယ် ကားလမ်း ကွတ်ခိုင်မြို့အနီး၌ လက်နက်ဖြင့် ခြိမ်းခြောက် ဆက်ကြေးကောက်ခံမှု ဖြစ်ပွားခဲ့ပြီး ဆက်ကြေး ကောက်ခံနေသည့် အဖွဲ့သည် ပလောင် လက်နက်ကိုင် တပ်ဖွဲ့ဟု ယူဆရကြောင်း၊ ထိုအဖွဲ့က ဆက်ကြေး ပေးဆောင်သည့် ယာဉ် များကို ဖြတ်ပိုင်းပေးကာ လမ်းတလျှောက် ထပ်မံပြီး မတောင်းခံတော့ကြောင်း သိရသည်။
ထိုသို့ဆက်ကြေးများ ကောက်ခံနေမှုကြောင့် ခရီးသွားပြည်သူများနှင့် ကားသမားများ ထိတ်လန့် စိုးရိမ်မှု ဖြစ်ပွားနေပြီး ကွတ်ခိုင်မြို့ အေးရှားဝေါလ် တိုးလ်ဂိတ်တွင် ခေတ္တခဏ ရပ်နားပြီးနေရကြောင်း လားရှိုး-မူဆယ်လမ်းသို့ ပြေးဆွဲနေသည့် ကားသမားများက ပြော သည်။
“ကွတ်ခိုင်အကျော် နမ့်ဖက်ကာ သွားတဲ့လမ်းမှာ ဆက်ကြေး ကောက်နေတဲ့အတွက် အခု ကွတ်ခိုင်အထွက် အေးရှားဝေါလ် တိုးလ် ဂိတ် မှာ နားနေရတယ်။ ကားတွေ အစီး ၅၀ ကျော်လောက် ရပ်ထားတယ်”ဟု မူဆယ်မြို့သို့ သွားရောက်မည့် ကုန်သည်အမျိုးသမီး က တဦးက ဧရာဝတီကို ပြောသည်။
လက်နက်ကိုင် တပ်ဖွဲ့များသည် ယခုကဲ့သို့ ခရီးသွားယာဉ်များအား ဆက်ကြေး ကောက်ခံခြင်းများ အပါအဝင် ဒေသတွင်းရှိ ကျေးရွာများကို ဆက်ကြေး ကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ကွတ်ခိုင်မြို့ ဒေသခံများက ပြောပြသည်။
ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၏ ပြန်ကြားရေး ဒု တာဝန်ခံ တာပန်လက“ကျနော်တို့တပ်တွေ လှုပ်ရှားတဲ့နယ်မြေတွေမှာ အခွန် ကောက်ခံတာတွေ ရှိပါတယ်။ ကျနော် တို့က စီးပွားရေးသုံး ကားတွေကိုပဲ ကောက်တာပါ။ ကားတစီးကို အနည်းဆုံး ၁ သောင်းကနေ ၅ သောင်း အထိပဲ ကောက်ပါတယ်။ အိမ်သုံးကားတွေကို မကောက်ပါဘူး။ လက်နက်နဲ့ ခြိမ်းခြောက်ပြီး မပေးရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး မကောက်ပါဘူး”ဟု ဧရာဝတီကို ပြောသည်။
ကောက်ခံရရှိသည့် ဆက်ကြေးငွေများကို ကျေးရွာဖွံ့ဖြိုးရေး အတွက် အသုံးပြုနေကြောင်း၊ လက်နက်များ ဝယ်ယူခြင်း မဟုတ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
ထိုသို့ ဆက်ကြေးငွေ ကောက်ခံနေမှုနှင့်ပတ်သက်ပြီး မူဆယ် ခရိုင် ဒုရဲမှူး မြစိန်က ဆက်ကြေး ကောက်နေတယ် ဆိုတာတော့ ကြား မိပါတယ်။ လာတိုင်တာတော့ မရှိဘူး။ သောင်းကျန်းသူတွေနဲ့ ပတ်သက်နေတာကျတော့ အဓိက သူတို့ လှုပ်ရှားတဲ့ နေရာတွေမှာ လုံခြုံရေးယူဖို့က ရဲတခုတည်းနဲ့ မရဘူး။ တပ်မတော်ကနေ အဓိက ပါဝင်ပြီး ဒီလမ်းတလျှောက် လုံခြုံရေးကို ဆောင်ရွက် နေကြပါတယ်။ ကျနော်တို့က မြို့ပေါ် လုံခြုံရေးပဲ အဓိက ဆောင်ရွက် ပေးနိုင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က မူဆယ်မြိုနယ် ခိုခေးကျေးရွာတွင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) က မော်တော်ယာဉ်များကို ဆက်ကြေး ကောက်ခံမှုများ ရှိခဲ့ကြောင်း သိရသည်။
ထိုနယ်မြေများတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် KIA ၊ TNLA ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ် မတော် (MNDAA) ကိုးကန့် တပ်ဖွဲ့တို့ လှုပ်ရှားနေကြပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အစိုးရ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်း ၈ ရင်း၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) – ၁ ၊ စကခ – ၁၆၊ တပ်မ – ၇၇၊ တပ်မ – ၈၈ နှင့် တပ်မ – ၅၅ အပါအဝင် စုစုပေါင်း တပ်ရင်း ၄၇ ခုက နယ်မြေစိုးမိုးရေး ဆောင်ရွက်နေကြကြောင်း TNLA ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။