ယနေ့ မေလ ၁ ရက်တွင် စတင်ခဲ့သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်းမြို့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ ညီလာခံတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသော ကိုးကန့်ဒေသ၌ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်နိုင်ရေး ပါဝင်ဆွေးနွေးမည်ဖြစ်သည်။
ညီလာခံတက်ရောက်လာသူများထဲတွင် ကိုးကန့်အဖွဲ့ (MNDAA ) မှ စစ်ဦးစီးချုပ် ဖုန်လားရှင် နှင့် ဒုတိယစစ်ဦးစီးချုပ် ရန်ဝေကျုံးနှင့် ကိုးကန့်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းတို့အပါအဝင် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် စစ်ရေးအခြေအနေတင်းမာနေဆဲ ဖြစ်သည့် ရကိ္ခုင့်တပ်မတော် (AA) မှ စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် ၊ ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တို့လည်း ပါဝင်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ပဒို စောကွယ် ထူးဝင်းက “ အခု ဆွေးနွေးပွဲမှာ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသတွေ အေးချမ်းဖို့ ကိစ္စကိုလည်း ဦးစားပေး ဆွေးနွေးဖို့ ရှိပါတယ် ” ဟု ပြောဆိုသည်။
တိုင်းရင်းသားထိပ်သီးညီလာခံမှာ မေလ ၁ ရက်မှ ၆ ရက်ထိ ကျင်းပမည်ဖြစ်သည်။
မေလ ၁ ရက်နေ့ ညီလာခံအစတွင် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဌ ဦးပေါက်ယိုချန်း မိန့်ခွန်းပြောကြားပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွ့ဲ (PNLO ) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် -ကိုးကန့် တပ်ဖွဲ့ (MNDAA) ၊ ရကိ္ခုင့်တပ်မတော် (AA) နှင့် ရှမ်းပြည် တိုးတတ်ရေး ပါတီ (RCSS/SSA) တို့မှ စတင်ဆွေးနွေးသွားမည်ဟု UWSA ၏ အတွင်းရေးမှူး အဖွဲ့ကလည်း သတင်းထုတ်ပြန်သည်။
ညီလာခံတွင် ပါဝင်ဆွေးနွေးရန် ဖိတ်ကြားခံထားရသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့မှ ထိပ်သီး ကိုယ်စားလှယ် ၆၀ ဦး ရောက်ရှိနေပြီဟု UWSA ၏ အတွင်းရေးမှူးအဖွဲ့က သတင်းမီဒီယာ များကို ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ တပ်ချုပ်ကြီး ဗိုလ်ချုပ် ဇောင်းဟရား ၊ ဒုတိယ တပ်ချုပ် ဗိုလ်ချုပ် အင်ဘန်လ ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည်တိုးတတ် ရေးပါတီ ( SSPP/SSA )မှ ဗိုလ်ချုပ်ဆေထင် ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/ SSA) မှ ဒုဥက္ကဌ ဦးစမ်းရီ ၊ မိုင်းလားအဖွဲ့ (NDAA) မှ ဥက္ကဌ ဦးဆန်းပယ် ၊ မွန်ပြည်သစ်ပါတီ ( NMSP) မှ စစ်ဦးစီး ချုပ်- ဥက္ကဌ နိုင်ထွန်းမွန် ၊ဒု ဥက္ကဌ နိုင်ဟံသာ ၊ ကရင်နီ အမျိုးသား တိုးတတ် ရေးပါတီ (KNPP) မှ ဒုဥက္ကဌ ခူဦးရယ် နှင့် ဒုစစ်ဦးစီးချုပ် ခေါင်မြတ် ၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) မှ ဥက္ကဌ ခွန်မြင့်ထွန်း၊ ဒုဥက္ကဌ- စစ်ဦးစီးချုပ် ခွန်သူရိန်၊ တအောင်း-ပလောင် လွတ်မြောက်ရေး အဖွဲ့ (PSLF/ TNLA) မှ ဒုဥက္ကဌ တားဂျုတ်ဂျာ တို့ ညီလာခံ တက်ရောက်ကြသည်။
တိုင်းရင်းသား အဖွဲ့များက UWSA ထံတွင် စာတမ်း ၁၀ စောင်တင်ထားသည်ဟု သတင်းရရှိထားပြီး အဆိုပါ စာတမ်းများတွင် တင်သွင်းထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီး တို့၏ လက်ရှိ ဖြစ်ပေါ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၊ တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသား ဒေသ များနှင့် ပတ်သတ်သည့် သဘောထားမှတ်ချက်များ နှင့် တိုင်းရင်းသားအရေးကိစ္စများကို ရေးသား ထားသည်ဟု တိုင်းရင်းသားခေါင်းဆောင် အချို့က ဆိုသည်။
ညီလာခံကို UWSA မှ အိမ်ရှင်အဖြစ် ဦးစီးကျင်းပခြင်း ဖြစ်ပြီး UWSA မှ စစ်ဦးစီးချုပ် ပေါက်ယူချန်း ၊ ဒုစစ်ဦးစီးချုပ် ကျောက်ဂျုံးတန်း ၊ ဒုတိယစစ်ဒေသ စစ်သေနာပတိ ပေါက်ယိုဂို ၊ ပြင်ပဆက်ဆံရေး ဌာန ဌာနကြီးမှူးများ၊ ၀ ပြည်နယ် ပထမစစ်ဒေသမှူးများ နှင့် ဗဟိုရုံးချုပ်မှ အရာရှိများလည်း တတ်ရောက် ဆွေးနွေးမည်ဟု UWSA က သတင်းမီဒီယာများကို ပြောသည်။
ပန်ဆန်းမြို့သို့ ရောက်ရှိနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးမှ စစ်ဦးစီးချုပ်များ နှင့် အဖွဲ့ဝင်များကို ၀ ပြည်နယ် ထိန်းချုပ်နယ်မြေ ရှိ UWSA စစ်ဦးစီးချုပ် ပေါက်ယူချန်းနေအိမ် တွင် ၀ လူမျိုးတို့၏ ရိုးရာအစားအစာများ၊ ၀ ယဉ်ကျေးမှုဖြင့် လူမျိုးပေါင်းစုံ အကများဖြင့်လည်း ဧည့်ခံခဲ့သည်။