လူကုန်ကူးခံရသူများကို ထားရှိခဲ့သည်ဟု ယူဆရသော နောက်ထပ်စခန်း ၂ ခုကို ထိုင်းနိုင်ငံတောင်ပိုင်းတွင် မေလ ၅ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့မှ ထပ်မံတွေ့ရှိခဲ့သည်။ တခုမှာ လတ်တလော စွန့်ခွာသွားသည့် စခန်းဖြစ်ပြီး နောက်တခုတွင် အရိုးစုတခု မြှုပ်နှံထားသည်ကို တွေ့ရှိရသည်။ တခြားနေရာတခုတွင် အလောင်း ၂၆ လောင်း တွေ့ရှိခဲ့ရပြီး ရက်အနည်းငယ် အကြာတွင် ယခုကဲ့သို့ ထပ်မံတွေ့ရှိရခြင်းလည်း ဖြစ်သည်။
“ကျနော်တို့ ဆက်လက်ရှာဖွေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူကုန်ကူးသူတွေက သူတို့ရဲ့ သားကောင်တွေကို ခေါ်ပြီး ထွက်ပြေးနေဆဲပဲလို့ ယူဆရလို့ ဖြစ်ပါတယ်” ဟု ဆောင်ခလာ ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ် Amphon Buarubporn က Khao Kaew တောင်ပေါ်အထိ ရဲအဖွဲ့နှင့် အတူလိုက်ပါလာသော သတင်းထောက်များကို ပြောကြားခဲ့သည်။ ဖျက်ဆီးပစ်ခဲ့သော စခန်းမှ တဲငယ်များကို လတ်လတ်ဆတ်ဆတ် ခုတ်ထားသည့် သစ်များဖြင့် တည်ဆောက်ထားပြီး မိုဘိုင်းဖုန်း အားသွင်းကိရိယာတခုနှင့် အဝတ်အစားများက လတ်တလော စွန့်ခွာသွားခြင်း ဖြစ်ကြောင်း ထင်ရှားစေသည့် သင်္ကေတများအဖြစ် တွေ့ရှိခဲ့ရသည်ဟု သိရသည်။
မေလ ၅ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ခြင်းသည် လူကုန်ကူးခံရသူများ သို့မဟုတ် အလောင်းများကို ရှာဖွေသည့် စစ်ဆင်ရေး၏ အစိတ်အပိုင်းတခု ဖြစ်သည်။ ၎င်းတို့ကို တောတောင်များအတွင်းတွင် ဝှက်ထားသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောခဲ့ကြသည်။ လွန်ခဲ့သော ၅ ရက်ကလည်း မလေးရှားနှင့် ထိုင်းနိုင်ငံ နယ်စပ်အနီးမှ စခန်းတခုတွင် အလောင်း ၂၆ လောင်း တူးဖော်တွေ့ရှိခဲ့သည်။ အဆိုပါ စခန်းများသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသော ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများကို ထိန်းသိမ်းထားရန် အသုံးပြုသည်ဟု ယုံကြည်ရသည်ဟု ထိုင်းအာဏာပိုင်များက ပြောသည်။ ၎င်းတို့၏ မိသားစုများက ငွေကြေးဖြင့် လာရောက်ရွေးယူသည့် အချိန်အထိ ဖမ်းဆီးချုပ်နှောင်ထားပြီး နှိပ်စက် ညှဉ်းပန်းမှုများလည်း ရှိသည်ဟု ဆိုသည်။
ဖန်င ပြည်နယ်၊ လမုတောတခုအတွင်းရှိ စခန်းတခုတွင်လည်း အရိုးစုတခုကို တွေ့ရှိခဲ့ရပြီး ရွှေ့ပြောင်း ဝင်ရောက်လာသည့် မွတ်ဆလင် အမျိုးသမီး တယောက်၏ အရိုးစုဟု ယူဆရသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး Prayoon Rattanasenee ကပြောသည်။ ကမ်းရိုးတန်း ဒေသတွင်ရှိသည့် ထိုင်းနိုင်ငံသို့ လှေဖြင့် မှောင်ခို ဝင်ရောက်လာသူများ ရပ်နားသည့် နေရာတခုအဖြစ် Phang Nga ပြည်နယ်ကို အများကသိထားကြသည်။
လူကုန်ကူးမှုကို တိုက်ဖျက်ရန်အတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကလည်း ထိုင်းနိုင်ငံကို ဖိအားပေးလျှက် ရှိသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းတွင် အမေရိကန်နိုင်ငံမှ ထုတ်ပြန်ခဲ့သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် အစိုးရ၏ ကိုင်တွယ် ဆောင်ရွက်မှု နှစ်ပတ်လည် စစ်ဆေးအကဲဖြတ်ချက်တွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံကို အနိမ့်ဆုံး ဖြစ်သည့် အဆင့် ၃ သို့ လျှော့ချခဲ့သည်။ ထိုင်းနိုင်ငံက နာမည်ပျက်မှ လွတ်မြောက်နိုင်ရေးအတွက် အရေးယူ ဆောင်ရွက်မည်ဟု ကတိပြုခဲ့ သော်လည်း ထိုင်းနိုင်ငံမှ ငါးဖမ်းလှေတချို့တွင် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံသားများကို အဓမ္မခိုင်းစေခြင်း သို့မဟုတ် ကျွန်ပြုခြင်းများ ရှိနေသည်ကို AP သတင်းဌာနမှ ဖော်ထုတ်နိုင်ခဲ့သည်။
လူကုန်ကူး ကွန်ရက်တွင် ရဲအဖွဲ့နှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ထိုင်းအာဏာပိုင်များက ပြောသည်။ တာဝန်ရှိသူများ ပါဝင်နေခြင်းက လူကုန်ကူးလုပ်ငန်းကို ပိုမိုအား ကောင်းစေခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။
ထိန်းသိမ်းထားသည့် စခန်းများကို ပိုမိုတွေ့ရှိရန်အတွက် ပြည်နယ်တာဝန်ရှိသူ အဆင့်အသီးသီးက ၎င်းတို့၏ ဒေသအတွင်းတွင် မြေ ၁ လက်မ မကျန်ရှာဖွေရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Prayuth Chan-ocha က ဧပြီလ ၃၁ ရက်နေ့တွင် အမိန့်ထုတ်ခဲ့ပြီး လူကုန်ကူးရန် လုပ်ဆောင်သူ သို့မဟုတ် လူကုန်ကူးမှုမှ အကျိုးအမြတ်ရရှိသူများကို စစ်ဆေးဖော်ထုတ်ပြီး အပြစ်ပေးမည်ဟု သတိပေးခဲ့ကြောင်း ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Sansern Kaewkamnerd က ပြောသည်။
အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Somyot Poompanmoung က ထိုင်းနိုင်ငံ တောင်ပိုင်းမှ အကြီးတန်း တပ်မှူးတဦး အပါအဝင် ရဲတပ်ဖွဲ့နှင့် နယ်ခြားကင်းအဖွဲ့မှ အရာရှိ ၁၅ ဦးကျော်ကို နေရာပြောင်းရွှေ့သည့် အမိန့်ထုတ်ခဲ့သည်။ သူတို့ကို အရေးမပါသည့် နေရာများသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးမှုခံယူရန် စောင့်ဆိုင်းကြရမည် ဖြစ်သည်။
ဒေသ တာဝန်ရှိသူ ၅ ဦးကို ဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့ပြီး ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီဟု သိရသည်။ ပြည်နယ် အုပ်ချုပ်ရေးဌာနကလည်း လူကုန်ကူးမှုနှင့် ပတ်သက်ကိစ္စများတွင် ပါဝင်ခြင်းမပြုရန် ဝန်ထမ်းများကို သတိပေးစာ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
(AP သတင်းဌာနမှ Thanyart Doksone ၏ Thai Police Find New Trafficker Camps, Crackdown Intensifies ကို ဘာသာပြန်ဆိုသည်။)