အခုရက်ပိုင်းအတွင်း ရန်ကုန်စည်ပင် အမှိုက်သိမ်းတာနဲ့ပတ်သက်ပြီး အလေးအနက် ထားလာနေရပါပြီ။ အကြောင်းကတော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ဖေ့ဘွတ်မှာ ဝေဖန်ခဲ့ရာက အစပြုခဲ့ပါတယ်။
“ဗိုလ်တထောင်ကမ်းနား။ ရှုခင်းလည်းမလှ။ လေကောင်းလေသန့်လည်းမရ။ လေ့ကျင့်ခန်းလုပ်သူတွေ စိတ်ပျက်စေတဲ့ အမှိုက်တွေ၊ အနံ့ဆိုးတွေ၊ ခွေးလေခွေးလွင့်တွေ” ဆိုပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ ဖေ့ဘွတ်ပေါ်မှာ မေလ ၄ ရက်နေ့ မနက်မှာ ဓာတ်ပုံတွေနဲ့ အတူ ရေးတင်လိုက်တယ်။
ဓာတ်ပုံထဲမှာ ဗိုလ်တထောင်ဆိပ်ကမ်းကလည်း Vintage ဇိမ်ခံသင်္ဘောဟိုတယ်ကြီးသာ ရှိတာ ညစ်ပတ်စုတ်ပြတ်လို့၊ ကျီးတွေ အစာရှာနေတာနဲ့အတူ ပလပ်စတစ်တွေကလည်း ရှုပ်ထွေးလို့။
ထုံးစံအတိုင်း ဦးရဲထွဋ်ကို ထောက်ခံသူ၊ ကန့်ကွက်သူတွေက သူ့ပို့စ်အောက်မှာ အမျိုးမျိုး ကွန်မန့်ပေးကြပါတယ်။ ဒါ မထူးပါ၊ ထူးတာက နောက်တရက်အကြာ ရွေးကောက်ခံ ရန်ကုန်စည်ပင်ကော်မတီဝင် ဇောတိကဦးခင်လှိုင်က သူ့ဖေ့ဘွတ်ကနေ ဦးရဲထွဋ်ကို ပြန်တုန့်ပြန်တာပါ။
သူ့စာအရ ဗိုလ်တထောင်အပါအဝင် ဆိပ်ကမ်းမြို့နယ်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်များကသာ အစဉ်အဆက် ထိန်းချုပ်ထားပြီး စည်ပင်လက်ထဲ ပြန်ရောက်တာ ၄ လပဲရှိသေးကြောင်း သိရပါတယ်။
ဦးခင်လှိုင်က “စည်ပင်ပိုင် ကြည့်မြင်တိုင်မြို့နယ် ဆိပ်ကမ်းသာ ပန်းခြံကို သူ့ပိုင်ပစ္စည်းထင်ပြီး Asia World Co.Ltd ကို တန်ချိန် ၄၀၀၀ ဆံ့ ဆီလှောင်ကန် ၆ လုံး တည်ဆောက်ရန် အငှားချထားပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ညှိနှိုင်းနေတုန်း စည်ပင်သာယာကော်မတီ၏ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အခက်အခဲကြားမှ ပြန်အရယူနိုင်ခဲ့ပါတယ်”လို့ ရေးတဲ့အပြင် ဗိုလ်တထောင်ဘုရားဘေးအနီးက ရေပေါ်ဟိုတယ်အနီး အများပိုင်အပန်းဖြေ လမ်းမကြီးပေါ်မှာလည်း အဆောက်အဦတလုံး ဖောင်ဒေးရှင်း ချနေကြောင်း၊ ယင်းမှာ ဆိပ်ကမ်းအာဏာပိုင်များက “တပ်မတော်အရာရှိ တဦး”ကို ခွင့်ပြုပေးထားတာလို့ ရေးပါတယ်။
“ရန်ကုန်မြို့တော်ဝန်ဆိုတာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို ပြန်မလှန်ဝံ့ပါဘူး။ အစွယ်ရှိတဲ့ သူေဋ္ဌးကြီးတွေ ကိုလည်း ကြောက်ရပါတယ်။ မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ၉ ဦးအနက် ၄ ဦးက ဝန်ကြီးချုပ်က ခန့်တာပါ။ နောက်ပြီး အဓိကကျတဲ့ လုပ်ငန်းအားလုံးကိုလည်း သူတို့တွေကပဲ တာဝန်ယူထားတာပါ။ ရန်ကုန်မြို့ရဲ့ ယနေ့အရှုပ်ထုပ်များဟာ ဘယ်သူတွေကြောင့်ဟု ပြောစရာ မလိုတော့ပါ”လို့လည်း ရေးပါတယ်။
“ဦးရဲထွဋ် ဖြစ်စေချင်တဲ့ အမှိုက်နဲ့ ခွေးကိစ္စကို ကျနော့်တာဝန်သာ ထားလိုက်။ ကျန်တဲ့ကိစ္စကို သမ္မတကြီးရဲ့ စပီကာကြီး ဦးရဲထွဋ်က တာဝန်ယူပေးပါ”လို့ ဦးခင်လှိုင်ရေးအပြီး ဗိုလ်တထောင်ဆိပ်ကမ်းက အမှိုက်တွေ ရှင်းသွားတယ်။
ဒါပေမယ့် ဦးခင်လှိုင် ပြောတဲ့ “ရန်ကုန်မြို့ရဲ့ ယနေ့အရှုပ်ထုပ်များ”ကတော့ တော်ရုံနဲ့ ရှင်းသွားဖို့ လွယ်ကူပုံမပေါ်ပါ။ ဒါကြောင့်လည်း ဦးရဲထွဋ် ဒီကိစ္စ ဘာမှ ဆက်မပြောပဲ ဆိတ်ဆိတ်နေနေတာ ဖြစ်မှာပါ။