ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများ၏ ဘဝနေထိုင်မှု ပုံစံနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ ပါဝင်မည့် စစ် တမ်းတရပ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့ချုပ်(ILO)က ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန် မည် ဖြစ်ကြောင်း သိရသည်။
ILO မှ ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါ်အောင်စုရီက “အရင်က ပြည်တွင်း လုပ်သားနဲ့ ပတ်သက်လို့ ဘာစစ်တမ်းမှ မရှိသေးဘူး။ အဓမ္မ ရွေ့ပြောင်းမှုတွေနဲ့ လူကုန်ကူးမှုတွေလည်း ရှိနေနိုင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ILOက ပြည်တွင်း အရပ်ဖက် အဖွဲ့ အစည်း အချိုနှင့် ပူးပေါင်းကာ ၂၀၁၅ ခုနှစ်၊ မတ်လတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးရှိ မြို့နယ် ၃ ခု စီမှ အလုပ်သမား ၈ထောင်ခန့်ကို တွေ့ဆုံကာ ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်ခဲ့ ခြင်း ဖြစ်သည်။
စာရင်းကောက်ယူ၍ ရရှိသည့် အချက်အလက်များကို ILO က ထိန်းသိမ်းထားပြီး ပြည်ထောင်စု လွှတ်တော်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ILO က ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီးတွင် ပါဝင်စစ်တမ်းကောက်ယူသူ ဦးကျော်သက်ဝင်းက”အများဆုံးက အလုပ်ရှင်နဲ့ အလုပ်သမားကြား အဆင်မပြေမှုတွေ တွေ့ရပြီး အသက်အရွယ်နဲ့မမျှတဲ့ လုပ်ကိုင်နေရမှုတွေကိုလည်း တွေ့ရတယ်”ဟု ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံ လုပ်သားများမှာ ၎င်းတို့ ဒေသတွင် လယ်ယာမြေ သိမ်းဆည်း ခံရမှု များ၊ ရာသီဥတု ဆိုးရွားမှုနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတို့ကြောင့် ၂၀၀၈ ခုနှစ် နောက်ပိုင်းမှ စ၍ ရန်ကုန်နှင့် အခြား မြို့ကြီး အချို့သို့ ရွှေ့ပြောင်း လုပ်ကိုင်မှုများ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း၊ အများ စုမှာ စက်မှုဇုန်များတွင် လုပ်ကိုင်လျက် ရှိကြကြောင်း အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူများက ပြောဆိုသည်။
အလုပ်သမား သမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(CCTU)မှ ဦးထွန်းထွန်းနိုင်က “ရွေ့ပြောင်း လုပ်သားတွေရဲ့ အခက်အခဲတွေက အများကြီးပဲ။ ရောက်တဲ့နေရာမှာ ဧည့်စာရင်းတိုင်ရတာကပဲ အဓိက အခက်အခဲလို ဖြစ်နေတယ်”ဟု ပြောသည်။
လှိုင်သာယာစက်မှုဇုန်ရှိ ပီနံအိတ်စက်ရုံတွင် လုပ်ကိုင်နေသူ ဦးနိုင်လင်းဇော်က “လာလုပ်တာ ၃နှစ်လောက် ရှိပြီ၊ အဆောင်နေပြီးတော့ပဲ နေ့စား ဝန်ထမ်းအဖြစ် လုပ်နေတယ်၊ လကုန်ရင် အများကြီး မပိုပေမယ့် ကိုယ့်ရွာတွေမှာ အလုပ်အကိုင်ခက်ခဲလာလို့ ဆက်လုပ်ဦးမှာပါ”ဟု ပြောပြသည်။
ယခု စစ်တမ်းကောက်ယူမှုကို အကောင်အထည် ဖော်ဆောင်ရွက်ရန် အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး ပြည်တွင်း အလုပ်သမားများ၏ အခက်အခဲကို အစိုးရကသာ အဓိက ဖြေရှင်းပေးရမည် ဖြစ်ကြောင်း CCTU မှ ဦးထွန်းထွန်းနိုင်က ပြောသည်။