ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းမှ ဘင်္ဂါလီ ၁၄ ဦးကို တဦးလျှင် ငွေကျပ် ၁၀ သိန်းဖြင့် ရန်ကုန်မြို့သို့ ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့နယ်မှတဆင့် ခေါ်ဆောင်လာသူများကို နယ်မြေခံ သာပေါင်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်တွေမြို့ သက္ကယ်ပြင်ရွာရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ ဘင်္ဂါလီ ၁၄ ဦးအား ၁ ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးရန် ကိုဆန်းဦး ဆိုသူက ရေလမ်းခရီးမှ တဆင့် ခေါ်ဆောင်လာစဉ် သာပေါင်းမြို့နယ်၊ သဲဖြူရွာသို့ ရောက်ရှိပြီး ရန်ကုန်မြို့သို့ ထွက်ခွာရန် ပြင်ဆင်နေချိန်၌ သာပေါင်းမြို့နယ် ရဲတပ်ဖွဲ့က မေလ ၄ ရက်တွင် ဖမ်းဆီးခဲ့မိခြင်းဖြစ်ကြောင်း သိရသည်။
စတင်ဖမ်းဆီးချိန်က ဘင်္ဂါလီ ၁၄ ဦးနှင့် ပို့ဆောင်ပေးသူ ၂ ဦး စုစုပေါင်း ၁၆ ဦး ဖမ်းဆီးခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်များအရ ဘင်္ဂါလီများအား ခေါ်ဆောင်ရာတွင် ပါဝင်ပို့ဆောင်ပေးသူ ၁၀ ဦးကို ထပ်မံ ဖမ်းဆီးထိမ်းသိမ်း ရမိကြောင်း သာပေါင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ဧရာဝတီကို ပြောသည်။
“လက်ရှိတော့ သူတို့ကို သာပေါင်းမြို့မစခန်း အချုပ်ထဲမှာပဲ ထိန်းသိမ်းထားပါတယ်။ အားလုံးပေါင်း လူ ၂၆ ဦးကို ထိမ်းသိမ်းမိတာ ဖြစ်ပါတယ်။ စဖမ်းတုန်းက ၁၆ ဦးပေါ့။ နောက်ပိုင်း အမှုပေါ်ပေါက်ချက်အရ စက်လှေနဲ့ လိုက်ပို့ပေးတဲ့ စက်လှေသမားတွေပါ ထပ်ဖမ်းရတယ်။ ဘင်္ဂါလီ ၁၄ ဦးထဲမှာ ကလေး ၃ ဦးပါတော့ သူတို့ကိုတော့ အကျယ်ချုပ် ပုံစံနဲ့ ထိန်းသိမ်းထားတယ်” ဟု ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းက ဆိုသည်။
သာပေါင်းမြို့နယ်သို့ ဝင်ရောက်လာသည့် ဘင်္ဂါလီ ၁၄ ဦး အနက် အများစုမှာ ဗမာစကား ပြောတတ်ကြပြီး ၎င်းတို့နေရပ်နှင့် မိဘအမည်များ ပြောဆိုနိုင်ကြကြောင်း၊ ဖမ်းဆီးချိန်တွင် နိုင်ငံသား မှတ်ပုံတင်၊ ဝှိုက်ကတ် (ယာယီသက်သေခံ လက်မှတ်) စသည့် အထောက်အထား တစုံတရာ ပြသနိုင်ခြင်း မရှိကြောင်း သာပေါင်း ရဲတပ်ဖွဲ့က ပြောသည်။
ဖမ်းဆီးထားမိသူများကို သာပေါင်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာန ဦးစီးမှူး ဦးရေချမ်းက တရားလို ပြုလုပ်၍ တိုင်တန်းခဲ့ပြီး သာပေါင်းရဲစခန်းက ပြစ်မှုနံပါတ် – ၃၀/၂၀၁၅၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၃ (၁)၊ ၁၃ (၅)၊ ၆/၂၊ ၆/၃ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်။
ဘင်္ဂါလီများကို ကိုဆန်းဦး ဆိုသူက စစ်တွေမြို့မှ တဆင့် ဂွမြို့နယ်၊ ထိုမှတဆင့် ပင်လယ် ရေလမ်းအတိုင်း မော်တော်ဖြင့် ခေါ်ဆောင်လာပြီး ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ခွဲ အနီးရှိ ဂျီတောင်ပေါ်ကျွန်းတွင် ညအိပ်ခဲ့ပြီးနောက် သာပေါင်းမြို့နယ် သဲဖြူရွာသို့ ရေလမ်းခရီးဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း သာပေါင်းရဲတပ်ဖွဲ့က ပြောသည်။
“စစ်တွေက ပွဲစားတွေက ကိုဆန်းဦးကို ပြောတယ်။ ဘင်္ဂါလီ တယောက်ကို ၁၀ သိန်းနဲ့ ပို့ပေး၊ ရန်ကုန်ရောက်ရင် ပိုက်ဆံ ရှင်းပေးမယ်။ ရန်ကုန်က ဘယ်သူ့ဆီကို ပို့ပေးပါလို့လည်း မပြောလိုက်ဘူး။ ရန်ကုန်ရောက်ရင် ဖုန်းဆက်လိုက်မယ်။ လာကြိုတဲ့လူတွေက ပိုက်ဆံရှင်းပေးမယ် ပြောတော့ ဆန်းဦးဆိုတဲ့လူက လမ်းစရိတ်လောက်ပဲ ယူပြီး လိုက်ပို့ပေးတာလို့ သိရတယ်” ဟု သာပေါင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ပြောသည်။
ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများသည် ပင်လယ်ကမ်းရိုးတန်းအတိုင်း ရေလမ်းခရီးကို အသုံးပြု၍ ဧရာဝတီတိုင်း ဒေသကြီး အတွင်းသို့ ဝင်ရောက်လေ့ရှိပြီး ၂၀၁၃ ခုနှစ် အတွင်းက ဘင်္ဂါလီ ၅၀ ကျော်ကို ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ငရုတ်ကောင်း မြို့နယ်ခွဲ နံသပု ကျေးရွာ အနီးသို့ ရေလမ်းကြောင်းမှတဆင့် ဝင်ရောက်ခဲ့ရာတွင် ဒေသအာဏာပိုင်များက ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။