အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဂျီးနားကျွန်းများပေါ်သိ့ု ထိုင်းနိုင်ငံမှ တဆင့် လူကုန်ကူးခံခဲ့ရသည့် မြန်မာရေလုပ်သား ၁၂၅ ဦး ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါကျွန်းများရှိ ထိုင်းငါးဖမ်းစက်လှေများပေါ်တွင် ငါးဖမ်းလုပ်သားများအဖြစ် လူကုန်ကူးခံခဲ့ရသူများသည် ဧရာဝတီ တိုင်းဒေသကြီးမှ ၃၃ ဦး၊ တနသာၤရီမှ ၁၄ ဦး၊ ရခိုင်ပြည်နယ်မှ ၁၄ ဦး၊ ရန်ကုန်မှ ၁၄ ဦး၊ ပဲခူးအရှေ့ပိုင်းမှ ၁၃ ဦး၊ ပဲခူးအနောက်ပိုင်း မှ ၉ ဦး၊ မွန်ပြည်နယ်မှ ၁၄ ဦး၊ မကွေးတိုင်းမှ ၆ ဦး၊ မန္တလေးမှ ၃ ဦး၊ ကရင်ပြည်နယ်မှ ၄ ဦး နှင့် နေပြည်တော်ကောင်စီမှ ၁ ဦး စုစုပေါင်း ၁၂၅ ဦးဖြစ်သည်။
၎င်းတို့ကို MAI လေကြောင်းက အင်ဒိုနီးရှားနိုင်ငံမှ တဆင့် အခမဲ့ ကူညီခေါ်ဆောင်လာခဲ့ပြီး မေလ ၁၄ ရက်၊ ည ၈ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိလာကြခြင်းဖြစ်သည်။
“ကိုယ့်ကိုကိုယ် ရောင်းစားခံရမှန်း၂၀၁၂ ခုနှစ်လောက်မှာ စသိခဲ့တယ်။ ထိုင်းနယ်စပ်ဖြစ်တဲ့ ဘုရားသုံးဆူကနေတဆင့် အင်ဒိုနီးရှား ရောက်သွားတာ။ ကျနော်တို့တွေက ပင်လယ်ပြင်ထဲကို ငါးဖမ်းထွက်ရတယ်။ ၄ လ၊ ၅ လ လောက်နေမှ ကမ်းကို ပြန်လာတော့ အလုပ်ရှင်က လုပ်အားခ ခေါင်းပုံဖြတ်တယ်။ ရိုက်နှက်နှိပ်စက်မှုတွေ၊ ထိုးကြိတ်တာလည်း လုပ်တယ်။ ဆဲဆိုတယ်။ ပါးရိုက်နားရိုက်လုပ်တယ်။ ၅ လလောက် ပင်လယ်ထဲထွက်ပြီး ပြန်လာရင် ထိုင်းဘတ်ငွေ ၉၀၀၀ (မြန်မာငွေ ၂ သိန်းကျော်) ရတယ်။ အခုတော့ အစိုးရက ပြန်ခေါ်လို့ ဒီပြန်ရောက်လာပြီ” ဟု ဘန်ဂျီးနားကျွန်းတွင် ရောင်းစားခံရပြီး ၇ နှစ်ကျော် နေထိုင်ခဲ့ရသူ တနင်္သာရီတိုင်းဒေသကြီးမှ ကိုနိုင်ထွန်းက ဧရာဝတီသို့ ပြောသည်။
၂၀၁၃ ခုနှစ်တွင် လူကုန်ကူးခံခဲ့ရသူ ဖောင်ကြီးမြို့နယ်နေ ကိုမျိုးဇာလွင်ကလည်း “ရောင်းစားခံရမှန်း အင်ဒိုနီးရှား ရောက်တော့ သိတယ်။ ဟိုမှာနေရတာကတော့ ကိုယ့်ကိုကိုယ် သေမယ်တောင်ထင်တာ။ အလုပ်လုပ်ချိန်၊ အိပ်ချိန်စားချိန်ကလည်း အချိန်လုပြီး လုပ်ခဲ့ရတာလေ။ အလုပ်ရှင်ကလည်း ခေါင်းပုံဖြတ်တယ်။ ပင်လယ်ထဲကို ၅ လလောက်ကြာအောင် ငါးဖမ်းထွက်ပြီးပြန်လာတော့ မြန်မာငွေ ၁ သိန်းကျော်လောက် လုပ်ခ ရတယ်။ အဲဒီ တခါပဲ ရလိုက်တယ်” ဟု ဆိုသည်။
အဆိုပါကျွန်းများပေါ်တွင် လူကုန်ကူးခံရသည့် မြန်မာရေလုပ်သားများကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ရေး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဗဟိုအဖွဲ့မှ ကိုယ်စားလှယ် ၂ ဦး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်စားလှယ် ၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ၁ ဦးတို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ကျွန်းပေါ်တွင် လူကုန်ကူးခံထားရသည့် မြန်မာရေလုပ်သားဦးရေ စုစုပေါင်း ၅၃၅ ဦးဖြစ်ပြီး မေလ ၁၅ ရက်မှ ၂၂ ရက်အတွင်း အုပ်စု ၃ စုခွဲ၍ မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်သွားမည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။
လတ်တလောတွင် ပြန်လည်ရောက်ရှိလာသူ ရေလုပ်သားများကို ရန်ကုန်မြို့၊ လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်းတွင် ယာယီ လက်ခံစောင့်ရှောက်ပေးမည် ဖြစ်ကြောင်း၊ အစိုးရပိုင်းမှ စောင့်ရှောက်စဉ်ကာလအတွင်း နိုင်ငံသား စိစစ်ရေးကတ် မရှိသူများနှင့် ပျောက်ဆုံးသူများရှိပါက ယာယီ ခရီးသွားလာခွင့်လက်မှတ် ရရှိရေးနှင့် ကာယကံရှင်၏ သဘောဆန္ဒအရ ကျန်းမာရေး ဆေးစစ်ပေးခြင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ ရေလုပ်သားများအား နေရပ်အရောက် ပို့ဆောင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများသို့ လွှဲပြောင်းပေးသွားမည်ဟုလည်း သိရသည်။
မေလ ၉ ရက်နေ့ကလည်း လူကုန်ကူးခံရသည့် မြန်မာရေလုပ်သား ၁၃ ဦးနှင့် International organization of Migration (IOM) မှ စောင့်ရှောက်ထားသည့် လူကုန်ကူးခံရသူ မြန်မာ ၂ ဦးတို့ကို ပြန်လည်ခေါ်ဆောင်လာခဲ့သည်။