ကယားပြည်နယ်၊ လွိုင်ကော်မြို့ မြို့တော်ခန်းမ၌ အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ၎င်းတို့ကြုံတွေ့နေရသည့် အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လွိုင်ကော် မြို့တော်ခန်းမတွင် မေ ၂၈ ရက်မှ ၃၀ ရက် အထိ ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲကို လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ လွိုင်ကော်မြို့ ဆက်ဆံရေးရုံးမှ တာဝန်ခံများ တက်ရောက်ကြပြီး အစိုးရ၊ တပ်မတော်တို့နှင့် ဆက်ဆံရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တည်ဆောက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအား အဖြေရှာနိုင်ရေးကို ဆွေးနွေးဖလှယ်ကြခြင်း ဖြစ်ကြောင်း KNPP လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ပြောသည်။
“အဓိက ကတော့ ကျနော်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်လို အဖြေရှာပြီး ဖြေရှင်းကြမလဲ ဆိုတာကို ညှိနှိုင်း ဆွေးနွေးကြတာပါ ” ဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ဆိုသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ KNPP အပါအဝင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KPC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။
ယခုကဲ့သို့ တွေ့ဆုံမှုသည် တတိယ အကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ယခင်က တကြိမ်စီ အလှည့်ကျ ပြုလုပ်ခဲ့သည်။
အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲထားသည့် အဖွဲ့ ၁၄ ဖွဲ့ ရှိသော်လည်း ယခု ၇ ဖွဲ့သည် ဥရောပ မြန်မာရုံး (EBO) ၏ ဒေသဖွံ့ဖြိုးရေး အထောက်အပံ့ ရယူထားသည့် အဖွဲ့များအဖြစ် သီးခြားတွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းးသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ဆက်ဆံရေးရုံးများကို တရားဝင် ဖွင့်ခွင့်ပြုထားသော်လည်း လက်တွေ့၌ အစိုးရ၊ တပ်မတော်တို့နှင့် ဆက်သွယ် ညှိနှိုင်းလုပ်ဆောင်ရသည့် ကိစ္စရပ်များ၌ အခက်အခဲများ ကြုံတွေ့နေရပြီး ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင်လည်း ဟန့်တားပိတ်ပင်မှုများ ရှိနေဆဲဖြစ်သည်ဟု တိုင်းရင်းသားများဘက်က ပြောသည်။
“ဒေသခံတွေအတွက် ဖွံ့ဖြိုးရေးလုပ်ငန်း တခုလုပ်ရင် တားမြစ်တာတွေ ရှိတယ်။ အထက်ကို စာတင်ပါ ပြောတယ်။ တင်တယ်၊ အကြိမ်ကြိမ် တင်တယ်၊ ကျမလာဘူး၊ အကြောင်းလည်း မပြန်ဘူး” ဟု KNPP ဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ပြောသည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၄ ဖွဲ့ အကြား ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားပြီး ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားသော်လည်း အစိုးရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မေလဆန်းက ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ပေါ်ရှိ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ၏ ဆက်ဆံရေးရုံးကို သေနတ်များ ကိုင်ထားသည့် စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) က အကြောင်းပြချက် မရှိဘဲ ဝင်ရောက် စီးနင်းရှာဖွေမှု ဖြစ်ပွားခဲ့သည်ဟု တိုင်းရင်သားများက ပြောသည်။