တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် နိုင်ငံရေး ဆွေးနွေးပွဲအဆင့်၌ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံ ရေး ပါတီများနှင့် အစိုးရ ကိုယ်စားလှယ်များကြား သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်ပေါ်လာရေး တိုက်တွန်းကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) က ပြောဆိုသည်။
ကရင် အမျိုးသား အစည်းအရုံး(KNU)ထိန်းချုပ် နယ်မြေ လော်ခီးလာ၌ ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး ၄ ရက် မြောက် ယနေ့တွင် သဘာပတိအဖြစ် ဆောင်ရွက်သည့် ALP ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဦးခိုင်စိုးနိုင်အောင် က“တိုင်းရင်းသား လူမျိုးတွေရဲ့ဆန္ဒဘဝဖြစ်တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရဖို့ ဖြစ်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာမှာဖြစ်လို့ တောင်းဆိုတာ ဖြစ်တယ်။ ဒါကြောင့် ၃ ပွင့်ဆိုင် အရေးကြီးတယ်”ဟု အစည်းအဝေး မစမီ ပြောသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ဦးခိုင်စိုးနိုင်အောင်သည် လက်ရှိ ALP ဒု ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသကဲ့သို့ ယခင်ကလည်း အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF)၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်(DAB)နှင့် အတိုက်အခံ အင်အားစုများနှင့် ပေါင်းစု ဖွဲ့စည်းထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB) တို့တွင်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။
ယခင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီညွှတ်မှု အထွဋ်အထိပ်သို့ ရောက်လျှင် သပ်လျှို ဖြိုခွဲမှုများ အထင်အရှား ရှိခဲ့ပြီး လက်ရှိအချိန်၌လည်း တိုင်းရင်းသား အဖွဲ့များ ညီညွှတ်မှု အထွဋ်အထိပ်သို့ ရောက်ရှိလာပြီဟု မြင်မိကြောင်း၊ အဖွဲ့အစည်းများအတွင်း အယူအဆ အတွေးအခေါ်များ အားနည်းလာသည်ကို တွေ့နေရ၍ သတိပြုရန်လိုအပ်ကြောင်းလည်း ပြောဆိုသွားသည်။
သုံးပွင့်ဆိုင် ဖြစ်မြောက်ရေးအတွက် အစိုးရဘက်က လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများအနေဖြင့် ညီညီညွှတ်ညွှတ်ဖြင့် တသံတည်း ရပ်တည် တောင်းဆိုကြရန် လိုအပ်ကြောင်း ခိုင်စိုးနိုင်အောင် က ပြောသည်။
ဦးခိုင်စိုးနိုင်အောင် က“တကယ်လို့ နိုင်ငံရေး ဆွေးနွေးပွဲ သွားတဲ့အခါမျိုးမှာ တိုင်းရင်းသား လူမျိုးလက်နက်ကိုင်တွေ အနေနဲ့ တသံ တည်း ထွက်ဖို့ လိုတယ်။ တသံတည်းထွက်ဖို့ လိုတယ်ဆိုတာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု အပေါ်မှာ တသံတည်း ထွက်ဖို့ လို တာပါ။ တသံတည်း မထွက်ရင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု မရနိုင်ဘူး”ဟုလည်း ပြောဆိုသည်။
အစိုးရဘက်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များဟု စုစုပေါင်း ၈ ဖွဲ့ ပါဝင်ရေး မူလက အဆိုပြုတင်ပြခဲ့ပြီး နောက်ဆုံး အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ၊ နိုင်ငံရေး ပါတီများနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများ ဆိုပြီး ၄ ပွင့်ဆိုင်အထိ လျှော့ချပေး ထားသည်။
နိုင်ငံရေး ဆွေးနွေးပွဲသွားမည့် သုံးပွင့်ဆိုင်ဖြစ်မြောက်ရေး၌ ဗမာတိုင်းရင်းသားများ၏ ထောက်ခံမှုသည်လည်း အဓိက အခန်းကဏ္ဍမှ လိုအပ်ကြောင်းနှင့် တိုင်းရင်းသား အင်အားစုများ အနေဖြင့်လည်း သုံးပွင့်ဆိုင် ဖြစ်မြောက်ရေးအတွက် တညီတညွှတ်တည်း ရပ်တည်ကြရန် လိုအပ်ကြောင်း ဦးခိုင်စိုးနိုင်အောင် က တိုက်တွန်းထားသည်။
ထို့အပြင် လက်ရှိ လော်ခီးလာ၌ ကျင်းပသော ထိပ်သီးဆွေးနွေးပွဲတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် Single Text အတည်ပြု (မူကြမ်း)ကို ဆွေးနွေးနေကြသော်လည်း အတည်ပြုရန် အခက်အခဲရှိနေပြီး မည်သို့မည်ပုံ ကျော်လွှားကြ မည်ဆိုသည်ကို အလေးအနက်ဆွေးနွေးရန် လိုအပ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောဆိုသွားသည်။
သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများနှင့် အစိုးရတို့အကြား တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးပြီးပါက ကတိကဝတ် ထားရှိထားသည့်အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်ကျင်းပနိုင်ရန် ပြင်ဆင်လုပ်ဆောင်ရတော့မည် ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့ က လစဉ် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုထားသည်။