ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မလွှကုန်းလမ်း တွင်နေထိုင်သည့် သက်ကြီးရွယ်အို အမျိုးသမီးကြီး ၂ ဦး အသတ် ခံ ရမှု၏ လက်သည်တရားခံဖော်ထုတ်နိုင်ရေး နယ်မြေခံရဲတပ်ဖွဲ့နှင့်အတူ မှုခင်းရဲတပ်ဖွဲ့ (CID)ကပါ ပူးပေါင်း ပါဝင် ဖော် ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ဇွန်လ ၉ ရက် ညနေပိုင်းက ဟိန္ဒူဘာသာဝင် များဖြစ်သည့် အသက် ၇၂ နှစ်ရှိ ဒေါ်ဝီတလားနှင့် ၆၂ နှစ်ရှိ ဒေါ် လတ်လီ တို့ ၂ ဦး ကို ၎င်းတို့ နေအိမ်အတွင်း ပုပ်ပွ သေဆုံးလျက် အနေအထားဖြင့် တွေ့ရှိရကြောင်း၊ ယင်းတို့သေဆုံးနေကြောင်းကို ရဲစခန်းသို့ နေ့လယ် ၂ နာရီဝန်းကျင်တွင် ရပ်ကွက်တာဝန်ရှိသူများက အကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“တရားခံဘယ်သူဆိုတာတော့အတိအကျမသိရသေးဘူး။ စစ်ဆေးနေတုန်းပဲ။ သံသယရှိနေတဲ့သူ ကျနော်တို့တွေ့ နေပြီဆိုရင်တောင် လောလောဆယ် ထုတ်ဖော်ပြောပြမှာမဟုတ်ပါဘူး။ ကျူးလွန်သွားတဲ့သူကို ပိုက်စိပ်တိုက် ရှာဖွေ နေပါတယ်”ဟု တာမွေမြို့နယ်ရဲမှူးခင်မောင်လှ က ရှင်းပြသည်။
တာမွေမြို့နယ်အတွင်း မှုခင်းကျဆင်းရေးအတွက် ပြည်သူလူထု ဟောပြောပွဲ များကို ပုံမှန် ပြုလုပ်ကြောင်း၊ ညအချိန်တွင် တာဝန်ကျ ရဲဝန်ထမ်းများဖြင့် လှည့်ကင်း ထွက်ကာစစ်ဆေးမှုများပြုလုပ်ကြောင်း ရဲမှူးခင်မောင်လှ က ပြောပြသည်။
လတ်တလော ရန်ကုန်မြို့တွင် လူသတ်မှုများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိပြီး ဇွန်လ ၄ ရက်နေ့ က ရွှေပြည်သာ မြို့နယ်၊ သာဓုကန်၊ စက်မှုဇုန်အပိုင်း ၁ အနီး ဒဏ်ရာများဖြင့် အသတ်ခံထားရသည့် အသက် ၂၀ ကျော်အရွယ် အမျိုးသား အလောင်းတလောင်း တွေ့ရှိခဲ့ရပြီး လှော်ကားမြို့မ ရဲစခန်းက ပုဒ်မ ၃၀၂ ဖြင့်လည်းကောင်း၊ ဇွန် ၇ ရက်နေ့က ပန်းဘဲ တန်း မြို့နယ် ၅ ရပ်ကွက် ဆူးလေဘုရားလမ်း မီးရထားသံလမ်း ခုံးကျော်တံတား အနီးတွင် ဒဏ်ရာများဖြင့် သေဆုံး နေသည့် အသက်၂၅ နှစ် ခန့်ရှိ အမျိုးသမီးတစ်ဦး၏အလောင်း ကို တွေ့ရှိခဲ့ပြီး ပန်းဘဲတန်းရဲစခန်းက ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။