အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့တွင် ဖမ်းဆီးခံထားရသည့် ကျောင်း သားများ၏ ကျန်းမာရေး အခြေအနေကို ပြန်လည်စစ်ဆေးပေးရန် ရှေ့နေများကွန်ရက်က တောင်းဆိုမည် ဖြစ်ကြောင်း ပြောသည်။
လာမည့် ဇွန်လ ၁၆ ရက် ရုံးချိန်း၌ တောင်းဆိုမည် ဖြစ်သည်ဟု ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးရောဘတ်စန်းအောင် က ဧရာဝတီ ကို ပြောပြသည်။
“ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေက ပြန်ပေါ်လာတာ။ သူတို့တွေ မူးဝေကြတယ်။ အော့တာအန်တာတွေ ဖြစ်ကြတယ်။ မိန်းကလေး တော်တော်များများလည်း ဖြစ်တဲ့အထဲ ပါတယ်။ ပထမတခါ သာယာဝတီ ဆေးရုံမှာ စစ်ဆေးပေးသေးတယ်။ အရိုက်ခံထားရတာက ခေါင်း၊ ဗိုက်နဲ့ကျောတွေ ဖြစ်နေတော့ ခန္ဓာကိုယ်အတွင်းပိုင်း ပြဿနာတွေ ဖြစ်နေမှာ စိုးရိမ်တယ်”ဟုလည်း ဦးရောဘတ်စန်းအောင် က ပြောသည်။
ဖမ်းဆီးခံ ကျောင်းသားများထဲမှ ၁၆ ဦးသည် မူးဝေခြင်းနှင့် အော့အန်ခြင်းများ ဖြစ်နေကြပြီး၊ တချို့ကျောင်းသားများသည် အစာအိမ် နာနေကြသည့်အတွက် ကျန်းမာရေး အခြေအနေမှန်ကို ပြန်လည်စစ်ဆေးပေးရန် ရှေ့နေကွန်ရက်မှ တောင်းဆိုခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ကလည်း ကျောင်းသားများ၏ ကျန်းမာရေး စစ်ဆေးပေးရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် သာယာဝတီ တရားရုံးသို့ စာဖြင့် တင်ပြတောင်းဆိုထားကြောင်း သိရသည်။
ဖမ်းဆီးခံကျောင်းသား မင်းသွေးသစ် ၏ ဖခင် ဦးသန်းဝင်းက“ထောင်ထဲမှာ တခါ စစ်ဆေးတုန်းက ဆေးစစ်ချက် အဖြေပဲရတယ်။ ဓာတ်မှန်ကို မပေးဘူး။ သားကတော့ ရဲတွေရဲ့ ရိုက်နှက်ခံရတဲ့ ဒဏ်ကြောင့် လက်သန်း ကောက်နေတယ်။ ခြေမျက်စိ အရိုးနု ထွက် နေတယ်။ ကားစီးတိုင်း ခေါင်းက မူးနေတယ် ပြောတယ်။ မိဘတွေအားလုံး ကလေးတွေရဲ့ ကျန်းမာရေးကို စိတ်ပူနေရတယ်။ ဒါကြောင့် ကျန်းမာရေး သေချာပြန်စစ်ဆေးပေးဖို့ တောင်းဆိုထားတယ်”ဟု ပြောဆိုသည်။
ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် ရုံးချိန်းတွင် ဖမ်းဆီးခံထားရသည့် ဝန်းရံပြည်သူ ကိုတင်ဝင်းနှင့် ကိုခင်လှိုင် (ခေါ်) ကိုထွန်းမင်းနိုင်တို့သည် မူးဝေလဲကျခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာများအဖြစ် တင်ပို့ကုသနေရဆဲ ဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦး၏ ဆေးစစ်ချက် အဖြေကို မရရှိသေးကြောင်း သိရသည်ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ပြောပြသည်။
ဖမ်းဆီးခံရသော ကျောင်းသားကျောင်းသူများနှင့် ဝန်းရံပြည်သူ ၇၀ ကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင် ဆဲ ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲထားသည်။
ထို့အပြင် အာမခံ ရရှိထားသူ ၁၁ ဦးကိုလည်း ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီး နောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု ပုဒ်မ ၁၄၇ တို့ဖြင့် ဆက်လက်တရားစွဲဆိုထားဆဲ ဖြစ်သည် ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။