ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသည့် မှုခင်းအခြေအနေများ၊ သတင်း အချက်အလက်များအား ပြည်သူများ အချိန်နှင့် တပြေးညီ သိရှိစေနိုင်ရန် ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ယခုလအတွင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်က ပြောသည်။
“အရင်တုန်းက ပွင့်လင်းမြင်သာမှု မရှိခဲ့လို့ ထင်ယောင်ထင်မှား ဖြစ်စေမယ့် ကိစ္စတွေ ထုတ်လွှင့်ခဲ့ပြီး အခြေခံ အချက်တွေ မတူညီလို့ ပြဿနာတွေကို စိစစ်ခဲ့ရတယ်။ အခုကတော့ မီဒီယာတွေအနေနဲ့ အချက်အလက်တွေ အမြန်အဆန် ရရှိပြီး လူထု သတင်းအချက်အလက် အမှန်သိရှိရဖို့အတွက် အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးမှာ ဖြစ်တယ်” ဟု ၎င်းက ရန်ကုန်မြို့၌ ယနေ့တွင် ပြုလုပ်သည့် ရဲတပ်ဖွဲ့နှင့် သတင်းမီဒီယာတို့ ဆက်ဆံရေး ပိုမိုစနစ်ကျစေရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် မီဒီယာများနှင့် ရဲတပ်ဖွဲ့ဝင်များ အကြား ဆက်ဆံရေး တိုးမြှင့်ရေး၊ သတင်း အချက်အလက်များ ရယူရေး စသည့်ကိစ္စများနှင့် ပတ်သက်ပြီး ဥရောပ သမဂ္ဂ၏ ပံပိုးမှုဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် မီဒီယာများကို သင်တန်းများပေးခြင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ (Media Unit) ကို ဇွန် လ ၁၈ ရက် နေ့လည် ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ရုံးဝန်းအတွင်း အခမ်းအနား ပြုလုပ်၍ တရားဝင် ဖွင့်လှစ်သွားမည်ဟု သိရသည်။
အဆိုပါ ဌာနက ၂၄ နာရီပတ်လုံး ရရှိသမျှ သတင်းအချက်အလက်များကို စုစည်းသွားမည်ဖြစ်ပြီး သတ်မှတ် ရုံးချိန်အတွင်း မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားပေးမည် ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့အတွင်း လုပ်ဆောင်ချက်များ၊ လုံခြုံရေးနှင့် အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဦးစားပေး ကိစ္စများနှင့် မူဝါဒများ၊ ဥပဒေ အကျိုးသက်ရောက်ရေးနှင့် ယေဘုယျ ရဲလုပ်ငန်းတို့ကို လူထုသို့ အသိပေးရန် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရှိရသည်။
“နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး ၁၄ ခုမှာ Media Unit တွေကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ အခုတော့ ရန်ကုန်မှာ စတင် လုပ်ဆောင်တော့မှာ ဖြစ်တယ်” ဟု ရဲမှူးကြီး ဝင်းနိုင်က ဆိုသည်။
ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ (Media Unit) ဖွင့်လှစ်နိုင်ရန် ဥရောပသမဂ္ဂက နည်းပညာ အကူအညီများ၊ နိုင်ငံတဝန်းရှိ ရဲတပ်ဖွဲ့ဝင် ၁၂၀ ကို သတင်းနှင့် ပြန်ကြားရေး ကျွမ်းကျင်မှု သင်တန်းပို့ချခြင်းများ အပါအဝင် ပစ္စည်းအကူအညီများ ပံ့ပိုးပေးခြင်း ဖြစ်သည်။
“ဒါက ရှေ့ပြေးစီမံကိန်း တခုအနေနဲ့ လုပ်တာ ဖြစ်တယ်။ ဒီအဖွဲ့ဟာ ရဲရဲ့ ဝါဒဖြန့်ဖို့ကိစ္စ မဟုတ်ဘဲ သူ့လုပ်ငန်းကို သတင်းထုတ်ပြန်ရာမှာ ကျွမ်းကျင်စွာ ထုတ်ပြန်နိုင်ဖို့လုပ်မှာ ဖြစ်တယ်။ ပြည်သူတွေက သတင်းအချက်အလက် အမှန်တွေကို သိပိုင်ခွင့်ရှိတယ် ဆိုတာကို အသိပေးဖို့ ဖြစ်တယ်။ ရဲတပ်ဖွဲ့၊ မီဒီယာနဲ့ ပြည်သူအကြားမှာ ပုဂိ္ဂိုလ်ရေးအရ မဟုတ်ဘဲ လုပ်ငန်းသဘောအရ ဆက်ဆံရေး တိုးတက်လာလိမ့်မယ်။ ဒါကတော့ စမ်းသပ် လုပ်ဆောင်မှုဆိုတော့ ပြီးပြည့်စုံဦးမှာ မဟုတ်သေးဘူး” ဟု ဥရောပ သမဂ္ဂ၏ မီဒီယာနှင့် လူထုအခြေပြု အဖွဲ့အစည်းဆိုင်ရာ ကဏ္ဍခေါင်းဆောင် Mrs. Karin Diana Deckenbach က ဧရာဝတီသို့ ပြောသည်။
ဥရောပ သမဂ္ဂက ရဲတပ်ဖွဲ့နှင့် မီဒီယာများအကြား ဆက်ဆံရေး ပိုမို စနစ်ကျစေရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် မီဒီယာများကို သီးခြားစီ သင်တန်းပေးခြင်း၊ ပေါင်းစည်း သင်တန်းပေးခြင်းများ အပါအဝင် အလုပ်ရုံ ဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။