ငြိမ်းချမ်းရေး ဖော်ဆောင်နေဆဲ ကာလတွင် ကချင်ပြည်နယ် အတွင်းရှိ အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းကြီးများ အကောင် အထည်ဖော် လုပ်ဆောင်နေမှုကို လုံးဝ ရပ်တန့်ထားပေးရန် ကချင် လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) က အစိုးရကို တိုက်တွန်းလိုက်သည်။
ကချင်ပြည်နယ်အတွင်း အစိုးရ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေသည့် အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းကြီးများသည် နိုင်ငံတကာ စံချိန်စံညွှန်းများကို လျစ်လျှူရှု လုပ်ကိုင်နေသဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသကဲ့သို့ ဒေသခံ ကချင် လူထု အတွက်လည်း များစွာထိခိုက်မှု ရှိနေ၍ ယင်းသို့ တိုက်တွန်းရခြင်းဖြစ်ကြောင်း KDNG က ဆိုသည်။
KDNG ၏ ပြောခွင့်ရပုဂ္ဂိုလ် ကိုစာဂျီးက“ငြိမ်းချမ်းရေးကလည်း မဖြစ်သေးဘူး။ အသွင်ကူးပြောင်းရေး အဆင့်လည်း မရှိသေးဘူး။ ကြားကာလဖြစ်တဲ့ အချိန်မှာ အခုလို အကြီးစား စီမံကိန်း ဖွံ့ဖြိုးရေးဆိုတဲ့ ရေကာတာ စီမံကိန်းလိုမျိုး၊ နောက် စည်းစံနစ် မကျတဲ့ သယံဇာတ ထုတ်ယူသုံးစွဲမှုလိုမျိုး၊ ဖားကန့်ကျောက်စိမ်းတွင်းလိုမျိုးက တိုင်းပြည်နဲ့ ပြည်သူလူထု အတွက် အကျိုးမရှိဘူး ဒါကြောင့် တိုက်တွန်းတာပါ” ဟု ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ် အတွင်းရှိ ကျောက်စိမ်းတွင်း လုပ်ငန်းများကို အစိုးရက ၎င်းလက်ဝေခံ ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပေးထားပြီး ဟူးကောင်းချိုင့်ဝှမ်း ဒေသရှိ မြေဧက ၂ သိန်းကျော်ကိုလည်း ယုဇနကုမ္ပဏီအား စစ်အစိုးရ လက်ထက် ၂၀၀၆ ခုနှစ်က လုပ်ခွင့်ပေးထားသည်ဟု KDNG ဆိုသည်။
“စနစ်မကျတဲ့ ဒီဖွံ့ဖြိုးရေး စီမံကိန်းကြီးတွေရဲ့ဒဏ်ကို ဒေသခံတွေက လက်တွေ့ရင်ဆိုင် နေကြရတယ်။ ဒါကို အစိုးရ အနေနဲ့ သိလျှက်နဲ့ ဆက်လက် လုပ်ခွင့်ပေးနေမယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးရေး မဟုတ်ဘဲ လူတစုဖွံ့ဖြိုးရေးသာ ဖြစ်နေလိမ့်မယ်” ဟု ကိုစာဂျီးက ဆက်ပြောသည်။
ထို့အပြင် ၂၀၀၆ ခုနှစ်ကပင် မေခ-မေလိခ မြစ်ကြောင်းပေါ်ရှိ ဓာတ်အား ၆၀၀၀ မဂ္ဂါဝပ်ရှိသော အကြီးစား ဆည်တခုနှင့် တခြား ရေကာတာ ၆ ခုကို တည်ဆောက်ရန် ဝန်ကြီးချုပ် ဦးသိန်းစိန် (ယခု သမ္မတ) က တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) နှင့် လက်မှတ် ရေးထိုးခဲ့ကြောင်းလည်း KDNG က ထောက်ပြထားသည်။
အဆိုပါ ရေကာတာ စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ပြီး ဒေသခံ ကချင်လူထု အတွက် ထိခိုက်ဆုံးရှုံးမှုများသာ ကျန်ခဲ့မည်ဟု KDNG က ဇွန် ၁၇ ရက် နေ့စွဲနှင့် ထုတ်ပြန်လိုက်သော “ကချင်ပြည်နယ် သဘာဝသယံဇာတ အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒ ဆွေးနွေးချက် စာတမ်း” တွင် ဖော်ပြထားသည်။
KDNG အနေဖြင့် ကချင်ပြည်နယ် အတွင်းရှိ အဆိုပါ စီမံကိန်းကြီးများနှင့် ပတ်သက်ပြီး ၂၀၀၄ ခုနှစ်က စတင်ကာ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်အကြာ ကွင်းဆင်းလေ့လာပြီး စီမံကိန်းကြီးများကြောင့် ဒုက္ခရင်ဆိုင်ရသော ဒေသခံ ပြည်သူများနှင့် လက်တွဲ သုတေသနပြုခြင်း၊ စနစ်မကျသော သယံဇာတ သဘာဝအရင်းအမြစ် ထုတ်ယူသုံးစွဲမှုကို လေ့လာခြင်း၊ နိုင်ငံတကာမှ သဘာဝသယံဇာတ အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲခြင်း ပြသာနာဖြေရှင်းသော အတွေ့အကြုံများကို အခြေခံပြုစုပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုကြေညာချက်ကို သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့များ အပါအဝင် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် လေ့လာ စောင့်ကြည့်ရေး အဖွဲ့များ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်နေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များထံသို့ ပို့ဆောင်သွားမည်ဟု KDNG က ပြောသည်။