အသရေဖျက်မှုနှင့် တရားစွဲဆိုခံနေရသော အလဲဗင်းမီဒီယာဂရုပ်၏ အယ်ဒီတာချုပ် ကိုဝေဖြိုး အပါအဝင် အယ်ဒီတာအဖွဲ့ဝင် ၁၇ ဦးကို ပြန်ကြားရေးဝန်ကြီးဌာနက တရားရုံးကို မထီမဲ့မြင်ပြုမှုဖြင့် ထပ်မံတရားစွဲဆိုခြင်းကို အလဲဗင်းမီဒီယာဂရုပ်၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက တရားစွဲဆိုထားသည့်အပေါ် ဥပဒေအရ ပြန်လည်တုန့်ပြန်ဖြေရှင်းမည်ဟု ပြောသည်။
“ကျနော်တို့အနေနဲ့ အမှုတခုကို ရင်ဆိုင်ရတဲ့အခါမှာ ဥပဒေဘောင်အတွင်းကနေ ကျနော်တို့အခွင့်အရေးအတိုင်း ပြန်လည် တုန့်ပြန်ဖြေရှင်းပါမယ်”ဟု ယနေ့ နေ့လည် ၁ နာရီက ရန်ကုန်မြို့ Novotel ဟိုတယ်တွင်ပြုလုပ်သည့် အလဲဗင်းမီဒီယာဂရုပ်၏ သတင်းစာရှင်းလင်းပွဲ္ပ၌ အဆိုပါ သတင်းစာနှင့်ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောသည်။
ယင်းဂျာနယ်က ပြန်ကြားရေးဝန်ကြီးဌာန၏ ယူရို ၇ သိန်းတန် ပုံနှိပ်စက်ဝယ်ယူခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ စီအီးအို ဒေါက်တာသန်းထွဋ်အောင် အပါအဝင် အယ်ဒီတာ ၅ ဦးကို ၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်းက ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက တရားလိုပြုလုပ်၍ ပုဒ် ၅၀၀ ဖြင့် နေပြည်တော် ပုဗ္ဗသီရိတရားရုံးတွင် တရားစွဲဆိုခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ တရားလို ထွက်ဆိုချက်များအား အလဲဗင်း သတင်းစာနှင့် ဂျာနယ်များတွင် ဖော်ပြခဲ့ကြရာ အလဲဗင်းသတင်းစာနှင့်ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးအပါအဝင် အကြီးတန်းအယ်ဒီတာအဆင့်အထိ အယ်ဒီတာအဖွဲ့ဝင် ၁၇ ဦးကို တရားရုံး မထီမဲ့မြင်ပြုလုပ်မှုဖြင့် ယခု ထပ်ဆင့်တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
တရားရုံးမထီမဲ့မြင်ပြုလုပ်မှု ဥပဒေပါ ပုဒ်မ ၇ တွင် ဆောင်ရွက်ဆဲ တရားဥပဒေနှင့် စပ်လျဉ်း၍ တရားမျှတပြီး မှန်ကန်တိကျခိုင်လုံသော အကြောင်းအရာတရပ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ စာဖြင့်ဖြစ်စေ အမှတ်သင်္ကေတဖြင့်ဖြစ်စေ ထင်ရှားသောပုံသဏ္ဍန်ဖြင့်ဖြစ်စေ၊ အခြားတနည်းနည်းဖြင့်ဖြစ်စေ ထုတ်ဖော်ကြေညာခြင်း၊ သတင်းအဖြစ် ရေးသားဖော်ပြခြင်း သို့မဟုတ် ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ချိခြင်းသည် တရားရုံး မထီမဲ့မြင်ပြုမှုမရောက်စေရ ဟု သတ်မှတ်ထားသည်။
ယခုအပတ် အစောပိုင်းက လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ရွေးကောက်ပွဲနီးလာချိန်တွင် မြန်မာအစိုးရအနေဖြင့် ဂျာနယ်လစ်များနှင့် မီဒီယာများအပေါ် ခြိမ်းခြောက်ခြင်း၊ ဖိနှိပ်ခြင်းများ ပြုလုပ်လာနေသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ လွန်ခဲ့သော ၁၂ လအတွင်း ဂျာနယ်လစ် ၁၀ ဦးကို ထောင်ထဲပို့ခဲ့ကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။ ရန်ကုန်အခြေစိုက် မြန်မာဂျာနယ်လစ်များ ကွန်ရက်၏အဆို တရားစွဲဆိုခံနေရသော ဂျာနယ်လစ် အနည်းဆုံး ၃၇ ဦး ရှိသည်။
“မီဒီယာသမားတွေ သတိထားကြပါ။ ရှေ့လျှောက် ဒီလိုကိစ္စတွေ ပိုပြီး ပြင်းထန်ပါလိမ့်မယ်”ဟု အလဲဗင်းမီဒီယာဂရုပ်၏ အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။