အစိုးရ ဘတ်ဂျတ်ရေးဆွဲမှုတွင် စီမံကိန်းများ ပါဝင်နေသော်လည်း ပြင်ပ၌ လက်တွေ့ လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့် နေရာများ တွေ့ရှိရကြောင်း ၂၀၁၄-၂၀၁၅ ဘတ်ဂျက် လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာတစောင်က ဖော်ပြလိုက်သည်။
ယင်းအစီရင်ခံစာကို အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် Institute for Peace and Social Justice(IPSJ)၊ Capacity Development Centre(CDC) နှင့် Renaissance Institute (RI) တို့က ပူးပေါင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်ပေါင်း ၁၁၀ ရှိစီမံကိန်း အရေအတွက်ပေါင်း ၁၂၉၉ ခုတို့ကို လေ့လာစောင့်ကြည့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ လေ့လာစောင့်ကြည့်နိုင်ခဲ့သည့် စီမံကိန်းများမှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်း ဘတ်ဂျက်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဘတ်ဂျက်ပါ စီမံကိန်းများ ဖြစ်ပြီး တိုင်းနှင့် ပြည်နယ် ၁၃ ခုရှိမြို့နယ်များ ပါဝင်နေသည်ကို အစီရင်ခံစာက ဖော်ပြ ထားသည်။
ထိုသို့ တိုင်းနှင့် ပြည်နယ် ၁၃ ခုမှစီမံကိန်းပေါင်း ၁၂၉၉ ခုကို လေ့လာစောင့်ကြည့်မှုများ လုပ်ရာတွင် လုံးဝဆောင်ရွက်နိုင်ခြင်း မရှိသည့် စီမံကိန်းများ ၂၂ ရာခိုင်နှုန်းနှင့် ဆောင်ရွက်ဆဲ စီမံကိန်း ၅၆ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ ပြီးစီးရန် ဆောင်ရွက်နိုင်သည့် လုပ်ငန်း ၂၂ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်ရေးတွင် ပါဝင်ခဲ့သည့် ကိုလွင်ကိုလတ်က “ကျနော်တို့ အဓိက တွေ့ရတဲ့ပြဿနာက ဘတ်ဂျက် ရေးဆွဲမှုမှာ အချို့သော စီမံကိန်းတွေဟာ နေရာကို အတိအကျ ဖော်ပြထားခြင်း မရှိတာကိုတွေ့ရပါတယ်။ စီမံကိန်းတွေရေးဆွဲတဲ့အခါမှာ ကြိုတင်ပြီးတော့ ဒေတာကောက်တဲ့ အလုပ်တွေ၊ ဆာဗေးဆင်းတဲ့အလုပ်တွေ လုပ်ကြပါတယ်။ အခု ကျနော်တို့ တွေ့ရတဲ့ အခြေအနေကတော့ စီမံကိန်းတွေသာ ရှိပြီး စီမံကိန်းနေရာကိုတိတိကျကျ ဖော်ပြထားခြင်း မရှိဘူးဆိုတာဟာ စီမံကိန်းတွေကို လက်တွေ့ကျကျ လေ့လာဆန်းစစ်ပြီး လုပ်တာ မဟုတ်ဘဲနဲ့ အဆင်ပြေသလိုပဲ လုပ်ထားတယ်ဆိုတဲ့ဟာကို တွေ့ရပါတယ်”ဟု ပြောပြသည်။
လေ့လာစောင့်ကြည့်ရေး ပြုလုပ်ရာတွင် Internal Monitoring ဟုဆိုနိုင်သည့် ဘတ်ဂျက်နှင့် ပတ်သက်၍ အစိုးရဝန်ထမ်းများ၏ လုပ်နိုင်ကိုင်နိုင်ရည်ကို ဆန်းစစ်ခြင်း၊ အစိုးရ၏ ငွေစာရင်းများနှင့် ပတ်သက်၍ ဆန်းစစ်ခြင်း၊ အစိုးရ စီမံကိန်းများနှင့် ပတ်သက်၍ လိုအပ်သော ဆောက်လုပ်ရေးပစ္စည်းများကို အမှန်တကယ်ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ပြီး ပေးခြင်းဟုတ်မဟုတ် စသည့် ဆန်းစစ်ခြင်းများကို အစိုးရစာရင်းများ မရ၍ မလုပ်နိုင်ကြောင်း၊ လက်ရှိ အဓိက လေ့လာမှုများ လုပ်ဆောင်ခဲ့ကြသည်မှာ External Monitoring ဖြစ်သည့် ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးခြင်း ရှိမရှိကိုသာ စောင့်ကြည့်နိုင်ခဲ့ကြောင်း သိရသည်။
လေ့လာ တွေ့ရှိမှုများအရ အစိုးရဘတ်ဂျက်ပါ စီမံကိန်းများအတွက် ခန့်မှန်းကုန်ကျစရိတ်များသည် လက်တွေ့ ဒေသပေါက်ဈေးများနှင့် များစွာ ကွာဟသည်ကိုလည်း တွေ့ရှိရကြောင်း၊ ဒေသခံများသည် ၎င်းတို့ဒေသစီမံကိန်းများအတွက် အစိုးရဘတ်ဂျက်မည်မျှ ချပေးသည်ကိုလည်း မသိကြကြောင်း ကိုလွင်ကိုလတ်က ပြောသည်။
၎င်းက“ကျနော်တို့ တချို့သော ကန်ထရိုက်တွေနဲ့ တွေ့ကြပါတယ်။ ဒီဈေးတွေဟာ ဒေသပေါက်ဈေးထက် များတယ်လို့ ပြောကြပါတယ်”ဟုလည်း ပြောဆိုသည်။
အစိုးရ ရေးဆွဲသော ဘတ်ဂျက်သည် ထိုသို့ ကုန်ကျစရိတ် ခန့်မှန်းမှုများ ကွာဟလေ့ရှိတတ်သည့်အပြင် နှစ်စဉ် ထပ်တိုးတောင်းလေ့ ရှိသည့် နောက်ဆက်တွဲဘတ်ဂျက်တွင်လည်း ကုန်ကျစရိတ်ပိုမို တိုးတောင်းသည့် ဌာနများရှိနေသောကြောင့် မူလခန့်မှန်းဘတ်ဂျက်နှင့် ကွာဟမှုပိုမို များပြားသည်ထက် များပြားလာကြောင်း လေ့လာသုံးသပ်သူများ ပြောဆိုကြသည်။
ယခု အစီရင်ခံစာတွင် အစိုးရက မူလခန့်မှန်းရေးဆွဲထားသည့် ကုန်ကျစရိတ်ငွေပမာဏအထက် ၁၀ရာခိုင်နှုန်းကျော် ပိုမိုတောင်း ခံသော အဖွဲ့အစည်းများစွာ ရှိနေကြောင်းဖော်ပြထားပြီး ဘတ်ဂျက်ခန့်မှန်းပမာဏနှင့် အထက်အောက် ကွာလျှင်လည်း အများဆုံး ၅ ရာခိုင်နှုန်းသာ ကွာသင့်ကြောင်း အကြံပြုထားသည်။
ထိုသို့ မူလဘတ်ဂျက်ခန့်မှန်းတွက်ဆမှုနှင့် အမှန်တကယ်ကုန်ကျမှု ကွာဟခြင်းအပေါ် စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကို က “ဒါက သဘာ၀ ဘေးဒုက္ခအန္တရာယ် မဖြစ်ရင်တို့၊ စက်သုံး လောင်စာဆီဈေးနှုန်း ရုတ်ချည်းမြင့်တက်တာတို့၊ ငွေလဲနှုန်း ရုတ်ချည်း ပြောင်းလဲသွားတာမျိုးတို့ မရှိဘူးဆိုရင် မကွာသင့်ပါဘူး။ ဒီလုပ်ငန်းတခုဟာ ဘယ်လောက်ကုန်မယ် ဆိုတာတော့ ခန့်မှန်းလို့ ရတာ ပေါ့။ သာမန်အချိန်မှာတော့ ကွာမသွားသင့်ပါဘူး”ဟု ပြောသည်။
အစိုးရအနေဖြင့် ယခုအချိန်၌ နိုင်ငံတွင် အဓိကအရေးပေါ် မြှင့်တင်ပေးရန်လိုအပ်လာသော ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ် များကို မြှင့်တင်မှုများ ရှိခဲ့သည်။ သို့သော် ကာကွယ်ရေး အသုံးစရိတ်ကိုလည်း လျှော့ချသုံးစွဲခြင်း မရှိသည်ကို တွေ့ရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပညာရေးအသုံးစရိတ်သည် စုစုပေါင်းအသုံးစရိတ် ၏ ၅.၉၆ ရာခိုင်နှုန်းနှင့် ကျန်းမာရေးမှာ ၃.၆၂ ရာခိုင် နှုန်းဖြစ်ကြောင်း၊ ကာကွယ်ရေး အသုံးစရိတ်သည် စုစုပေါင်းအသုံးစရိတ်၏ ၁၂ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။