ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့ကြား တိုက်ပွဲဖြစ်ပွားကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိရာ ထိုသတင်းသည် မှားယွင်းသည့် ထုတ်ပြန်မှုများသာ ဖြစ်ကြောင်း DKBA က ပြောသည်။
ကရင် လက်နက်ကိုင် တပ်ဖွဲ့များအနက် အင်အား အကြီးဆုံးဖြစ်သည့် KNU နှင့် DKBA တို့ကြား နွေးထွေးသည့် ဆက်ဆံမှုရှိပြီး တိုက်ပွဲ ဖြစ်ပွားစရာ အကြောင်းအရင်း မရှိဟု DKBA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးက ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်နေသည့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်နေသည့် ဗိုလ်ချုပ် စောမိုရှေးက “ဘယ်လို ရည်ရွယ်ချက်တွေနဲ့ အဲဒီလို သတင်းလွှင့် နေကြတာလည်းတော့ မသိဘူး။ ကျနော်တို့နဲ့ KNU တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ကျနော်တို့အကြားမှာ တိုက်ပွဲ ဖြစ်စရာလည်း အကြောင်းမရှိဘူး” ဟု ပြောသည်။
DKBA အနေဖြင့် KNU နှင့် တိုက်ပွဲ ဖြစ်ပွားမှု မရှိသကဲ့သို့ အစိုးရ တပ်မတော်နှင့် ကရင် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်များနှင့် ၎င်းတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများလည်း ယခု ရက်ပိုင်းအတွင်း ငြိမ်သက်လျှက် ရှိကြောင်း၊ နှစ်ဖက် တိုက်ပွဲများ ရပ်စဲရေးအတွက် KNU က ကြားဝင် ဆောင်ရွက်ပေးမှုများ ရှိကြောင်း သိရသည်။
ထို့အပြင် DKBA ခေါင်းဆောင် ၂ ဦး ဖြစ်သည့် ဗိုလ်မှူးချုပ် ကျော်သက်နှင့် ဗိုလ်မှူးကြီး စောဆန်းအောင်တို့ကို DKBA က ထုတ်ပယ် လိုက်ပြီဟူသော သတင်းများလည်း ထွက်ပေါ်နေသော်လည်း ထိုသတင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ် စောမိုရှေးက အတည်ပြု ပြောဆိုသွားခြင်း မရှိပေ။
KNU နှင့် DKBA တို့အကြား တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းများ ထွက်ပေါ်နေမှုကို ခရီးလွန်နေသည့် KNU ခေါင်းဆောင်များ အနေဖြင့် အတည်မပြုနိုင်သေးကြောင်း၊ သို့သော် အစိုးရတပ် လက်အောက်ခံ BGF အပါအဝင် ကရင်လက်နက်ကိုင် တပ်ဖွဲ့များ အချင်းချင်း တိုက်ခိုက်မှုများ မရှိရေးမူကို KNU က ချမှတ်ထားကြောင်း KNU တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲက ပြောသည်။
ပဒို စောသောသီဘွဲက “ကျနော်တို့ကတော့ DKBA ကို တိုက်ရေးတို့ BGF ကို တိုက်ရေးတို့ သဘောထားမှ မရှိတာ။ ကျနော်တို့က ကွဲထွက်နေတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးက တယောက်နဲ့ တယောက် မထိခိုက်စေရေးပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်အချင်းချင်းသာ ဖြစ်မယ်ဆိုရင် ရုပ်ပျက်စေတာပေါ့” ဟု ပြောသည်။
KNU နှင့် DKBA တို့အကြားတွင် ပြဿနာ မရှိသော်လည်း အဖွဲ့အစည်း နှစ်ရပ်အကြားနှင့် လူထုအကြားတွင် စိတ်ဝမ်းကွဲပြား စေသည့် ပြဿနာ ဖန်တီးမှုများလည်း ရှိနိုင်ကြောင်း၊ ထိုပြဿနာမျိုး ဖြစ်မည်ကိုလည်း KNU အနေဖြင့် စိုးရိမ်ကြောင်း သူက ဆက်ပြောသည်။
မြဝတီနှင့် ကော့ကရိတ်မြို့အကြားရှိ အာရှလမ်းမကြီးကို အခြေပြုကာ တပ်မတော်နှင့် BGF ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် DKBA တို့အကြား ယခုလဆန်းပိုင်းက စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းတိုက်ပွဲများကို ရပ်ဆိုင်းပြီး စားပွဲပေါ်တွင် ညှိနှိုင်း အဖြေရှာရန် နှစ်ဖက်ခေါင်းဆောင်များကို KNU က တိုက်တွန်းထားကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဝေါလေမြို့နယ် အတွင်း၌ ဇူလိုင်လ ၂၅ ရက်နေ့က ဗိုလ်မှူးချုပ် ကျော်သက်နှင့် ဗိုလ်မှူးကြီး စောဆန်းအောင်တို့ လက်အောက်ခံ အဖွဲ့ဝင် ၁၈ ဦးက တပ်မတော် စစ်ကြောင်းထံ လက်နက်ခဲယမ်း အပြည့်အစုံနှင့် လက်နက်ချပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြောင်း တပ်မတော် အာဘော် မြဝတီ သတင်းစာတွင် ဖော်ပြထားသည်။