ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် စက်မှုဇုန် (ဇေကမ္ဘာဝင်း) အိုးအိမ် ၆ လမ်းသွား လမ်းမပေါ်တွင် ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိထားသည့် စိတ်ကြွဆေးပြား ၂၆၇ သိန်း သယ်ဆောင်လာသူများကို ဖမ်းဆီးနိုင်ရေး စုံစမ်း စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
“ကားက ခေါင်းခန်းဘက် တံခါးလည်း ပွင့်နေသလို နောက်ခန်းတံခါးကလည်း ပွင့်လျက်သား ဖြစ်နေတယ်။ လှည့်ကင်းရဲတပ်ဖွဲ့က မသင်္ကာလို့ တာဝန်ရှိသူတွေနဲ့ ယာဉ်ကို ဖွင့်စစ်ဆေးတော့ စိတ်ကြွဆေးတွေ မိတာ။ လူမပါဘူး၊ ကားကြီးကို ဒီအတိုင်း ထားခဲ့တာလေ။ ဒီကိစ္စကို အဖွဲ့ပေါင်းစုံက ပူးပေါင်းပြီး စုံစမ်းနေတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အထူးတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ မူးယစ်အထူးရဲတပ်ဖွဲ့ များပူးပေါင်း၍ စုံစမ်းစစ်ဆေးနေခြင်း ဖြစ်သည်။
ဇူလိုင် ၂၆ ရက်၊ နံနက် ၅ နာရီခန့်က အဆိုပါနေရာတွင် ရပ်ထားသည့် KIA BONGO အမျိုးအစား ကွန်တိန်နာ ဘောက် အဖြူရောင်ယာဉ်ပေါ်တွင် စိတ်ကြွဆေးပြားပေါင်း ၂၆၇ သိန်းကို အထုပ်များ ထုတ်ပိုးထားကြောင်း၊ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများသည် တန်ဖိုးငွေ ကျပ် ၁၃၃ ဒသမ ၅ ဘီလီယံရှိပြီး မင်္ဂလာဒုံမြို့မရဲစခန်း လှည့်ကင်းတပ်ဖွဲ့က ကင်းလှည့်ရင်း တွေ့ရှိရာမှ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှုကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အမှုဖွင့်ထားကြောင်း သိရှိရသည်။
တရားခံကို ဖမ်းဆီးရမိရေးအတွက် နေပြည်တော်ရှိ တာဝန်ရှိသူများလည်း ရန်ကုန်အထိ ဆင်း၍ အခြားအဖွဲ့များနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ဖြစ်စဉ်အခြေအနေ အသေးစိတ်ကို ဇူလိုင် ၃၁ ရက်ရောက်မှသာ ပြန်လည် ဖြေဆိုနိုင်မည်ဖြစ်ကြောင်း နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောသည်။
“ဒီတခေါက်မိတဲ့ စိတ်ကြွဆေးပမာဏက တနိုင်ငံလုံးမှာ ဖမ်းမိတဲ့ ပမာဏထက်တောင် များေနေသေးတယ်။ ဒီပမာဏက အာရှမှာတောင် အများဆုံးလို့ ပြောလို့ရမယ်။ ဟိုတခေါက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့က မီးရှို့လိုက်တဲ့ စိတ်ကြွဆေး ပမာဏထက်တောင် များနေသေးတယ်။ အမှုကိုတော့ စုံစမ်းနေတုန်းပဲ” ဟု မင်္ဂလာဒုံမြို့မ ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ပြောသည်။