ကုလသမဂ္ဂအဖွဲ့၏ ဒုက္ခသည်ဆိုင်ရာ အထူးကိုယ်စားလှယ် နာမည်ကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီ (Angelina Jolie) သည် ဇူလိုင်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့ တွေ့ဆုံခဲ့ပြီး အစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ဒီမနက် နေပြည်တော်ကို သူရောက်လာပါတယ်။ ဒီမှာ တရက်နေပါလိမ့်မယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည် မဖော် လိုသူ အရာရှိကြီးတဦးက ဧရာဝတီသို့ ပြောသည်။
အင်ဂျလီနာဂျိုလီသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးတို့ ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူက မြန်မာနိုင်ငံမှာ ၂ ရက် သို့မဟုတ် ၃ ရက်လောက်နေပါလိမ့်မယ်” ဟု အင်ဂျလီနာဂျိုလီ ခရီးစဉ်နှင့် နီးစပ်သူ တဦး က ပြောသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ အထူးကိုယ်စားလှယ် အဖြစ်ဆောင်ရွက်နေသော ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီက မြန်မာနိုင်ငံတွင်ရှိနေစဉ် အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရခိုင် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ တိုင်းဦးစီးမှူး ဦးခင်စိုးကပြောသည်။
“သူက ရခိုင်ပြည်နယ်ကိုလာမယ်လို့တော့ ကျနော်တို့ ကြားထားပါတယ်။ ဒါပေမယ့် ဘယ်အချိန်လာမယ် ဆိုတာကိုတော့ မသိသေးဘူး။” ဟု သူကပြောသည်။
ရခိုင်ပြည်နယ် အစိုးရ၏ သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီဝင် ဦးဦးလှသိန်းက ဇူလိုင်လ ၃၀ ရက်နေ့တွင် ရခိုင် ပြည်နယ် သို့ အင်ဂျလီ နာဂျိုလီ လာရောက်လိမ့်မည်ဟု ဆိုသည်။
“ UNHCR ရဲ့ သံတမန်အနေနဲ့ ရခိုင်ပြည်နယ်ကို ဇူလိုင်လ ၃၀ ရက်နေ့မှာ လာရောက်ပါလိမ့်မယ်။ ပြီးတော့ ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း နဲ့ တွေ့ပါမယ်။ ဒါပေမယ့် ဒုက္ခသည်စခန်းတွေကို သူသွားမှာလားဆိုတာတော့ မသေချာ သေး ပါ ဘူး” ဟု ဦးဦးလှသိန်းက ဧရာဝတီသို့ ပြောသည်။
ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီသည် ထိုင်း-မြန်မာနယ်စပ် တလျှောက်ရှိ မြန်မာ ဒုက္ခသည် စခန်းများ သို့ သွားရောက် လည်ပတ်ခဲ့ဖူးသည်။
အင်ဂျလီနာဂျိုလီသည် နေပြည်တော်သို့ ကမ္ဘောဒီးယားနိုင်ငံမှ လာရောက်ခဲ့ခြင်းဖြစ်ပြီး သူသည် ကမ္ဘောဒီးယားနိုင်ငံ တွင် “First They Killed My Father” အမည်ရှိ စာအုပ်ကို အခြေခံ၍ ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကား တကားကို ဒါရိုက် တာ အဖြစ် ရိုက်ကူးလျက်ရှိကာ အဆိုပါ စာအုပ်သည် ၁၉၇၀ နှစ်များအတွင်းက ခမာနီများ၏ လူမျိုးဖြုတ်သတ်ဖြတ်မှုမှ လွတ်မြောက် လာသူတဦး အကြောင်းဖြစ်သည်။