ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ပြေး တိမ်းရှောင်လာသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအနေဖြင့် ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် မဲထည့်ခွင့် ရရှိမည်မဟုတ်ဘဲ နိုင်ငံသားအဖြစ် ခွင့်ပြုပေးရန်လည်း ၃ နှစ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ ခိုလှုံလာသော ရခိုင်မျိုးနွယ်စုများသည် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ရခိုင် ပဋိပက္ခ နောက်ဆက်တွဲ ပြဿနာများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်၍ မရတော့သဖြင့် အိုးအိမ်များ စွန့်ခွာပြီး တိမ်းရှောင်လာသူများ ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန (လဝက) ဦးစီးမှူး ဦးခင်စိုးက ဧရာဝတီသို့ ပြောသည်။
ဦးခင်စိုးက “ဝင်လာတဲ့ လူတွေထဲမှာလည်း တချို့လူတွေက ခဏပဲ လာတာ။ ပြဿနာဖြစ်တုန်း ခဏလာပြီး ပြန်သွားမယ့် လူတွေကိုတော့ ကျနော်တို့ စောင့်ကြည့်ရဦးမယ်လေ။ အခုက တချို့က ဟိုဘက်မှာ ပိုင်ဆိုင်မှုတွေ ရှိတယ်။ အိမ်တွေ၊ မြေတွေ ရှိတယ်။ ကိုယ့်လူမျိုး တိုင်းရင်းသားတွေ ဆိုပေမယ့် သူတို့က ဟိုဘက် နိုင်ငံသား ဖြစ်နေတယ်လေ။ ဟိုဘက်နိုင်ငံသားကို စွန့်လွှတ်ပြီး ဒီနိုင်ငံမှာပဲ အမြဲနေတော့မယ် ဆိုရင်ရတယ်။ ဒါပေမယ့် ၃ နှစ်တော့ စောင့်ကြည့်ရမယ်” ဟု ပြောသည်။
ဘင်္ဂလားဒေရှ်နိုင်ငံမှ တိမ်းရှောင်လာသော ရခိုင်မျိုးနွယ်စုများမှာ မြို၊ သက်နှင့် ဒိုင်းနက် တိုင်းရင်းသားများ ဖြစ်ကြပြီး ၎င်းတို့ကို မောင်တောမြို့နယ်အတွင်း ခရေမြိုင်၊ ကင်းချောင်း၊ ကိုင်းကြီး၊ ရွှေဗဟို စသည့် ကျေးရွာများတွင် နေရာချပေးထားကြောင်း သိရသည်။
ယင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများသည် လက်ရှိ အချိန်တွင် စားဝတ်နေရေးအတွက် အလှူရှင်များ၏ ထောက်ပံ့မှုကိုသာ အားကိုးမှီခိုနေရပြီး ၎င်းတို့ကို နိုင်ငံတော်အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန် ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်ပေးသင့်သည်ဟု မောင်တောဒေသခံတချို့က ပြောသည်။
မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက “ဒီဝင်လာတဲ့ လူတွေကို အစိုးက လယ်တွေ ပေးတယ် ဆိုပေမယ့် မရတဲ့လူတွေက အများကြီးပဲ။ ဒီလူတွေ နေချင်လာအောင် စားဝတ်နေရေး အဆင်ပြေအောင် လေလောဆယ် ရေတို စီမံကိန်းတွေ လုပ်ပေးသင့်တယ်။ နောက်မှ ရေရှည် စီမံကိန်းတွေ
လုပ်ပေးပေါ့။ အခုက အလှူရှင်တွေကိုပဲ မှီခိုနေရတယ်။ အဆင်မပြေရင်တော့ ရေရှည်နေမှာ မဟုတ်ဘူး။ ပြန်သွားကြမှာပဲ” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တိမ်းရှောင် ဝင်ရောက်လာသော ရခိုင်မျိုးနွယ်စုများသည် ၂၀၁၂ ခုနှစ် အောက်တို ဘာလ ၁၆ ရက်နေ့က စတင် ဝင်ရောက်လာခြင်းဖြစ်ပြီး ကျား/မ လူဦးရေ စုစုပေါင်း ၃၂၁၁ ဦး၊ အိမ်ထောင်စု ၅၈၄ စု ရှိကြောင်း ရခိုင်ပြည်နယ် လဝကရုံးမှ သိရသည်။ ၎င်းတို့အထဲတွင် အမျိုးသား ၈၄၂ ဦးနှင့် အမျိုးသမီး ၈၆၇ ဦး စုစုပေါင်း ၁၇၀၈ ဦးအား ယာယီနေထိုင်ခွင့်လက်မှတ် ထုတ်ပေးထားကြောင်း သိရသည်။
ကျန်သူများမှာ ယာယီနေထိုင်ခွင့်လက်မှတ် ထုတ်ပေးရန် အသက် မပြည့်သေးသည့်အတွက် ထုတ်မပေးခြင်း ဖြစ်ပြီး ယာယီနေထိုင်ခွင့်လက်မှတ် (IP) ကတ် ရရှိရေး အသက် ၁၀ နှစ်ပြည့်ရန် လိုအပ်ကြောင်း သိရသည်။