အသစ် ဖွဲ့စည်းမည့် သတင်းမီဒီယာ ကောင်စီတွင် ပါဝင်ရန် မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း ဥက္ကဋ္ဌ Reuters သတင်းဌာနမှ ဦးအောင်လှထွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ယနေ့ အဆိုပြုလိုက်ကြောင်း သိရှိရသည်။
လွှတ်တော်တွင် အတည်ပြုခဲ့သည့် သတင်းမီဒီယာ ဥပဒေအရ ပေါ်ပေါက်လာမည့် သတင်းမီဒီယာ ကောင်စီအတွက် အဖွဲ့ဝင် ၃ ဦး နေရာတွင် လွှတ်တော်နှစ်ရပ် နှင့် သမ္မတ က တဦးစီ အဆိုပြုရမည်ဖြစ်ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဦးအောင်လှထွန်းကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။
“မီဒီယာလောကမှာ အားလုံးလက်ခံထားတဲ့ ပုဂ္ဂိုလ်တဦးကို ပြည်သူ့လွှတ်တော်က အဆိုပြုတင်သွင်းတဲ့အတွက် ဒါဟာ အပြုသဘော ဆောင်တဲ့ ကောင်းတဲ့လက္ခဏာပါ။ မီဒီယာလောကမှာ ဂုဏ်သိက္ခာရှိတဲ့ မှန်မှန်ကန်ကန် ရပ်တည်မယ့် ဦးအောင်လှထွန်း လို လူမျိုးကို အဆိုပြုလိုက်တာကို ကျနော်တို့အနေနဲ့ ဘာမှ သဘောမတူစရာ မရှိပါဘူး။ ဒီအဖွဲ့အစည်း ဆိုတာ ဘာမှ အကျိုးခံစားခွင့် ရှိတဲ့ အဖွဲ့အစည်းမဟုတ်တဲ့အတွက် ရေရှည် လုပ်ဆောင်နိုင်မယ့်သူမျိုးတွေဆို ပိုကောင်းပါတယ်”ဟု မြန်မာ ဂျာနယ်လစ် ကွန်ရက် လုပ်ငန်းကော်မတီဝင် တဦး ဖြစ်သည့် ဦးမြင့်ကျော်က ပြောသည်။
ယခု ဖွဲ့စည်းမည့် သတင်းမီဒီယာ ကောင်စီသည် ယခင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို အသစ်ပြန် လည်ပြင်ဆင်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် စာနယ်ဇင်း ကောင်စီ (ယာယီ)က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး အသိပေးပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်မှ အဆိုတင်သွင်းသည့် ဦးအောင်လှထွန်းသည် ယခင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) တွင်လည်း အဖွဲ့ဝင် တဦးအနေနှင့် ပါဝင်ခဲ့သူ တဦး ဖြစ်သည်။
“ယခင် ယာယီ ကောင်စီမှာလည်း ကျနော်တို့တွေ အတွင်းပိုင်းမှာ ပြန်ကြားရေးနဲ့ရော အမြဲတမ်း အငြင်းအခုန်တွေ ဖြစ်နေခဲ့ပါတယ်။ လွတ်လပ်မှု ရှိတယ်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကို အပြင်ဘက်က မသိနိုင်ဘူး ဖြစ်နေတယ်။ အခု ကျနော့် အနေနဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမယ်ဆိုရင် ဒီကမ်းလှမ်းမှုကို ကျနော်လက်ခံမယ်လို့ လာကမ်းလှမ်းတုန်းက ပြောလိုက် တယ်”ဟု ဦးအောင်လှထွန်းက ပြောဆိုသည်။
ဦးအောင်လှထွန်းအနေဖြင့် ၎င်း၏ စိတ်ဆန္ဒအရဆိုလျှင် ပထမဆုံးအနေနှင့် မီဒီယာ လောကတွင် အကျဉ်းကျခံ နေရသည့် မီဒီယာ သမားများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် လုပ်ဆောင်ရန်နှင့် တရားဥပဒေအရ ရင်ဆိုင်နေရသည့် မီဒီယာ သမားများအတွက် ဆက်လက် လုပ်ဆောင်ပေးရန် ဆန္ဒရှိနေကြောင်း ဧရာဝတီသို့ ထုတ်ဖော်ပြောကြားသည်။
စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခု သက်တမ်း ၃ နှစ်ကျော် အကြာတွင် အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သက်တမ်း ၃ နှစ်အတွင်း ယင်းယာယီ အဖွဲ့အစည်း၏ လုပ်ဆောင်မှုများသည် မီဒီယာသမားများအပေါ် အကျိုးသက်ရောက် မှု အနည်းငယ်သာ ရှိခဲ့သည်ဟု မီဒီယာများ၏ ဝေဖန်မှုတချို့လည်း ရှိနေခဲ့သည်။
သတင်းမီဒီယာ ကောင်စီအသစ်တွင် ရွေးချယ်တင်မြှောက်ခံရမည့် အဖွဲ့ဝင် ၂၉ ဦး ပါဝင်မည် ဖြစ်ပြီး သတင်းမီဒီယာ သမားများ၊ ထုတ်ဝေသူများနှင့် စာရေးဆရာ၊ ကဗျာဆရာများ အပါအဝင် လွှတ်တော်နှစ်ရပ်နှင့် သမ္မတရုံးမှ ကိုယ်စားလှယ် အဆိုတင်သွင်းသူ ၃ ဦး၊ တတ်သိပညာရှင် ၄ ဦး ပါဝင်မည် ဖြစ်ဖြစ်ကြောင်း သိရသည်။