ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း(ခိုတောင်ကျွန်း)တွင် ဖြစ်ပွားခဲ့သည့် ဗြိတိန်ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံမှုကြောင့် ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲဖမ်းဆီးထားသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့ ၂ ဦး၏ အမှုကို ထိုင်းတရားရုံးက ယခုနှစ် မတိုင်မီ အပြီးသတ် အမိန့်ချဖွယ်ရှိကြောင်း သိရသည်။
“သူတို့ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က DNA ပြပြီး စွပ်စွဲထားတာ။ ပြီးခဲ့တဲ့ ရုံးချိန်းတွေမှာ ထိုင်းဘုရင်အထိ လေးစားရတဲ့ DNA ပညာရှင် ဒေါက်တာပွန်းထစ် ကိုယ်တိုင်လာပြီး ထွက်ဆိုပေးခဲ့တယ်။ ဒီကလေး ၂ ဦးက လုံးဝအပြစ် မရှိဘူး။ လွတ်လိမ့်မယ်။ ဘယ်လိုပုံစံနဲ့ လွတ်နိုင်တယ် ဆိုတာကိုတော့ စောင့်ကြည့်ရလိမ့်မယ်။ ဒီပြဿနာက ရိုးရိုးအမှု ကိစ္စမဟုတ်ဘဲ နှစ်နိုင်ငံရဲ့ ပြဿနာဖြစ်နေတယ်။ စဖြစ်ကတည်းကလည်း မတရားတဲ့အမှု ဖြစ်တယ်” ဟ အဆိုပါ အမှုနှင့် ပတ်သက်ပြီး မြန်မာအစိုးရက ဖွဲ့စည်းပေးထားသော အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ ၃၏ တာဝန်ခံ ဦးထူးချစ်က မီဒီယာများကို ပြောဆိုသည်။
ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲဖမ်းဆီးထားသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့ ၂ ဦး အမှုနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုအမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကော့စမွေ တရားရုံး၌ နှစ်ဖက်သက်သေများ၊ တရားလိုများနှင့် စွပ်စွဲခံထားရသူ ၂ ဦးကို စစ်ဆေးနေသည်မှာ ၂၀၁၄ ခုနှစ် အောက်တိုဘာ လကတည်းကဖြစ်ပြီး လာမည့် အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တွင် နောက်ဆုံးရုံးချိန်း ပြုလုပ်မည်ဖြစ်သည်။ နှစ်ဖက်သက်သေများ၏ ထွက်ဆိုချက်များကို ထိုင်းနိုင်ငံတရားရုံးက ကြည့်ရှုစစ်ဆေးပြီးနောက် ယခုနှစ်မကုန်မီ အပြီးသတ် ဆုံးဖြတ်ချက်ချဖွယ် ရှိသည်ဟု ဦးထူးချစ်က ဆိုသည်။
ထိုအမှုတွင် အဓိကကျသည့် DNA စစ်ဆေးမှုပိုင်းတွင် ပါဝင်ဆောင်ရွက်ပြီး စွပ်စွဲခံထားရသူ ၂ ဦးဘက်မှ သက်သေထွက်ဆိုပေးခဲ့သည့် နာမည်ကျော် ထိုင်းမှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ အမျိုးသမီး ဒေါက်တာ ပွန်းထစ်ရိုကျနာစူလန်က ထိုင်းရဲတပ်ဖွဲ့က ပြောဆိုနေသည့် ပေါက်ပြားပေါ်တွင် တွေ့ရှိရသည့် DNA သည် စွပ်စွဲခံနေရသူ ၂ ဦး၏ DNA များနှင့် မတူကြောင်း၊ အခြားအမျိုးအမည်မသိ အမျိုးသား တဦး၏ DNA ဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုခဲ့သည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက် ညပိုင်းက ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၂ ဦး ဖြစ်သည့် ဟန်နာဝစ်သရစ်ဂျ် (Hannah Witheridge) နှင့် ၎င်း၏ အဖော် ဒေးဗစ်မေလာ (David Miller) တို့သည် ခိုတောင်ကျွန်းသို့ အလည်အပတ် ခရီးထွက်ရာမှ အသတ်ခံခဲ့ကြရခြင်းဖြစ်ပြီး ဟန်နာဝစ်သရစ်ဂျ်မှာ မသေဆုံးခင် မတရားပြုကျင့်ခြင်းလည်း ခံခဲ့ရကြောင်း ကမ္ဘာ့မီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။
ထိုအမှုကို ထိုင်းရဲတပ်ဖွဲ့က DNA စစ်ဆေးနည်းဖြင့် ကိုင်တွယ်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၂ ဦး ဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့ကို လူသတ်မှု၊ မတရားပြုကျင့်မှုတို့ဖြင့် စွပ်စွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။