ပုဂံခေတ် မြစေတီ ကျောက်စာနှင့် အလောင်းမင်းတရားကြီး၏ ရွှေပေလွှာတို့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)က ကမ္ဘာ့ အမွေအနှစ် မှတ်တမ်း စာရင်း (Memory of The World Register)၌ ထည့်သွင်း အသိအမှတ်ပြုလိုက်ပြီဖြစ်သည်။
ကမ္ဘာ့အမွေအနှစ် မှတ်တမ်းစာရင်းဝင်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက တင်သွင်းရာ UAE နိုင်ငံ ဒူဘိုင်းမြို့တွင် ပြုလုပ်သည့် ယူနက်စကို၏ ၁၂ကြိမ်မြောက် နိုင်ငံတကာအကြံပေးကော်မတီ အစည်းအဝေးကဆုံးဖြတ်ခြင်းဖြစ်သည်။
“ထီးနန်းစည်းစိမ်ကို မရရှိခဲ့သော်လည်း မိဘဂုဏ် ကျေးဇူးကို ရည်စူးသည့် သားကောင်း ရတနာဖြစ်ကြောင်း” ရေးထိုးသည့် မြစေတီ ကျောက်စာကို ရာဇကုမာရ် မင်းသားက ခမည်းတော် ကျန်စစ်သားမင်း နတ်ရွာစံပြီး တနှစ်ခန့်အကြာ သက္ကရာဇ် ၄၇၅ ခုနှစ်တွင် ရေးထိုးသည်ဟု ယူဆသည်။
ပါဠိ၊ မွန်၊ မြန်မာ၊ ပျူ ဘာသာလေးမျိုးဖြင့် ရေးထိုးခဲ့သည့် ဤကျောက်စာသည် မြန်မာ့ သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာစာပေများနှင့် ပတ်သက်ပြီး အထူးအရေးပါသည့် အထောက်အထားတခု ဖြစ်သည်။
ပုဂံမြို့တောင်ဘက် မြင်းကပါရွာရှိ မြစေတီ ဘုရားအနီး တွေ့ရှိခဲ့ခြင်းကို အကြောင်းပြု၍ မြစေတီ ကျောက်စာဟု ခေါ်ဆိုပြီး၊ ဂူပြောက်ကြီး ကျောက်စာ ဟုလည်း ခေါ်ဆိုကြသည်။
မြစေတီ ကျောက်စာကို လန်ဒန်တက္ကသိုလ်မှ ဒေါက်တာ ဘလက်ဒင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ပြီး ရန်ကုန် တက္ကသိုလ် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်က မွန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။
ပုဂံခေတ်နှင့်ပတ်သက်လျှင် မြစေတီကျောက်စာကို အစောဆုံးဟု ယူဆကြသော်လည်း မြစ်သားမြို့နယ်၌ စောလူး မင်း ကျောက်စာဟု ယူဆသည့် ကျောက်စာတချပ် ထပ်မံတွေ့ရှိရသည့်အတွက် အိန္ဒိယနိုင်ငံရှိ ရှေးဟောင်း သုတေသန ဌာန (Archaeological Survey of India)၏ အကူအညီဖြင့် စစ်ဆေးလျက် ရှိသည်။
အလားတူ ၁၇၅၆ခုနှစ်က အလောင်းမင်းတြားကြီး ဗြိတိသျှ ဒုတိယမြောက် ဂျော့ဘုရင်ထံ ကုန်သွယ်မှုပြုလုပ်ရန် ပေးပို့သည် ရွှေပေလွှာသည်လည်း ကမ္ဘာ့ အမွေအနှစ် မှတ်တမ်း စာရင်း (Memory of The World Register)၌ ထည့်သွင်း အသိအမှတ်ပြုခံခဲ့ရသည်။
အဆိုပါ ရွှေပေလွှာကို မြန်မာ၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံ သုံးနိုင်ငံပူးပေါင်းတင်သွင်းခဲ့သည့် ကမ္ဘာ့ အမွေအနှစ် မှတ်တမ်း စာရင်း (Memory of The World Register) တင်သွင်းခဲ့ခြင်းဖြစ်သည်။
အလောင်းမင်းတြားကြီး၏ ရွှေပေလွှာမှာ ယခုအခါ ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည်တိုက်တွင် ရောက်ရှိနေပြီး၊ မြေအောက်ခန်းတွင် သိမ်းဆည်းထားသည်မှာ နှစ်ပေါင်း ၂၅၀ ကျော်ကြာပြီဖြစ်ရာ ပြီးခဲ့သည်နှစ်က သမ္မတဦးသိန်းစိန်၏ ဂျာမနီခရီးစဉ်တွင် ကြည့်ရှု့ခွင့်ရခဲ့သည်။
ရွှေပေလွှာမှာ ထောင့်မှန်စတုဂံပုံဖြစ်ပြီး အလျား ၂၁.၆၅ လက်မ၊ အနံ ၄. ၇၂ လက်မရှိပြီး အလောင်းမင်းတြား ၁၇၅၄ ခုနှစ်က အင်းဝကို သိမ်းယူပြီး နောက် မြန်မာပြည်တောင်ပိုင်းကို ဆက်လက်သိမ်းယူရန် လက်နက်လို အပ်သဖြင့် ဝယ်ယူရန် အရှေ့အိန္ဒိယကုမ္ပဏီမှတဆင့် ဒုတိယမြောက် ဂျော့ဘုရင်ထံ မိတ်ဆွေဖွဲ့ ပေးပို့ လိုက်ခြင်းဖြစ်သည်။
သို့သော် ထိုရွှေပေလွှာသည် နောက် ၄နှစ်အကြာ ၁၇၅၈ ခုနှစ်မှသာ လန်ဒန်သို့ ရောက်ရှိလာခဲ့၏။
အဆိုပါ ရွှေပေလွှာကို ဂျာမနီပြတိုက်က သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် ဒစ်ဂျစ်တယ် မိတ္တူ ပေးခဲ့ပြီးဖြစ်သည်။
ယခုအခါ အဆိုပါ ရွှေပေလွှာကို မြန်မာ၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံ သုံးနိုင်ငံပူးပေါင်းတင်သွင်းခဲ့သည့် ကမ္ဘာ့ အမွေအနှစ် မှတ်တမ်း စာရင်း (Memory of The World Register) တင်သွင်းခဲ့ခြင်းဖြစ်သည်။
၂၀၁၃ခုနှစ်ကလည်း မန္တလေးမြို့ စန္ဒာမုနိဘုရားအတွင်းရှိ “ကမ္ဘာ့ အကြီးဆုံး စာအုပ်” ဟု တင်စားခေါ်ဝေါ်သည့် ၁၅၃ နှစ် သက်တမ်းရှိ ကုသိုလ်တော် ပိဋကတ် ကျောက်စာများကို မြန်မာနိုင်ငံ၏ ကမ္ဘာ့ အမွေအနှစ် မှတ်တမ်း စာရင်းဝင် အဖြစ် UNESCO က ပထမဆုံး အကြိမ် အသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်။
UNESCO Memory of the world အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး မှတ်တမ်းအမွေ အနှစ် များဖြစ်သော စာကြည့်တိုက် ၊ ပြတိုက်နှင့်မော်ကွန်းတိုက်ဆိုင်ရာ စုဆောင်းပစ္စည်းမျာ ဖြစ်သည့် ကျောက်စာ၊ လက်ရေးစာများ၊ တန်ဖိုးမဖြတ်နိုင်သော စာအုပ်များ၊ သတင်းစာများ၊ ဓာတ်ပုံနှင့် ပန်းချီကားများ၊ ဖလင်များ၊ audio and video tapes, CD , sound recording, documents papers များကို MoW International Register တင်သွင်းခြင်းဖြစ်သည်။