အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အစိုးရဖွဲ့စည်းနိုင်ခဲ့လျှင် ခန့်အပ်ခံရမည့် သမ္မတသည် လုပ်ပိုင်ခွင့် ရှိလိမ့်မည်မဟုတ်ဟု ပါတီ၏ ဆုံးဖြတ်ချက်နှင့် မူဝါဒအတိုင်း လိုက်နာရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
နိုဝင်ဘာလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်ခဲ့သော စင်ကာပူ ရုပ်သံ Channel NewsAsia ရုပ်သံ သတင်း ဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အကယ်၍ NLD ပါတီ အနိုင်ရရှိခဲ့ပါက သမ္မတသည် အခြေခံဥပဒေ အရ ခန့်အပ်ခြင်းသာ ဖြစ်လိမ့်မည်ဟု ပြောသည်။
“သူ့မှာ အာဏာရှိမှာ မဟုတ်ဘူး၊ ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ရမယ်ဆိုတာကို သူ့အနေနဲ့ အပြည့်အ၀ နားလည်ထားရပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ယုတ္တိကျကျလုပ်နိုင်ဖို့ ဒီတနည်းပဲ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ဒီမိုကရေစီနိုင်ငံမှာမဆို အနိုင်ရရှိတဲ့ ပါတီရဲ့ ခေါင်းဆောင်က အစိုးရ အကြီးအကဲ ဖြစ်လာပါတယ်။ တကယ်လို့ ဒီအခြေခံ ဥပဒေက ပါတီခေါင်းဆောင်က အစိုးရအဖွဲ့ အကြီးအကဲလုပ်တာကို ခွင့်မပြုဘူးဆိုရင် ကျမတို့ အနေနဲ့လည်း အစီအစဉ်တွေ လုပ်ရပါမယ်။ ဒါမှသာ ကျမတို့ ပုံမှန် ဒီမိုကရေစီ နည်းလမ်းအတိုင်း ဆက်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု သူကထပ်ပြောသည်။
မြန်မာနိုင်ငံ၏ နိုဝင်ဘာ ၈ ရက် သမိုင်းဝင် ရွေးကောက်ပွဲ မကျင်းပမီ ကတည်းက သမ္မတ၏ အထက်တွင် သူရှိကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ နိုဝင်ဘာလ ၁၀ ရက်နေ့တွင်လည်း အကယ်၍ ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိခဲ့ပါက စစ်အစိုးရ ရေးဆွဲခဲ့သည့် အခြေခံဥပဒေအရ သမ္မတရာထူး တာဝန်ထမ်းဆောင်နိုင်ခွင့် မရှိသည့်အတွက် ခန့်အပ်ခံရသည့် သမ္မတကို သူက ဦးဆောင်မည်ဖြစ်ကြောင်း ထပ်မံ ပြောကြားခဲ့သည်။
သူက ပါတီ၏ ခေါင်းဆောင် ဖြစ်သည့်အတွက် ခန့်အပ်ခံရမည့် သမ္မတသည် ညွှန်ကြားချက်မှန်သမျှက သူ့ဆီက လာလိမ့် မည်ဆိုသည်ကို နားလည်ထားရမည်ဟု သူက ထပ်ပြောသည်။ ထိုအချက်က အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုကို ထိခိုက် စေလိမ့်မည် မဟုတ်ဟုလည်း ဆိုသည်။
“အစိုးရရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ဘာကြောင့် ထိခိုက်ရမှာလဲ။ ဘာကြောင့် လဲဆိုတော့ အစိုးရတခု ရှိနေမှာပဲ။ အဲဒါက စနစ်တကျ အလုပ်လုပ်နေလိမ့်မယ်။ ဘာလုပ်နိုင်တယ်ဆိုတာကို သမ္မတကို အတိအကျပြောမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အခါ အာဏာရှင် စနစ်ကဲ့သို့ ဖြစ်လာနိုင်မည်လားဟု Channel NewsAsia က မေးသည့် အခါ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ၏ အင်အားက ပြည်သူတို့ အားပေးထောက်ခံမှု အပေါ်တွင် မူတည်နေသည့် အတွက် NLD က ထိုလမ်းကြောင်းသို့ သွားလိမ့်မည် မဟုတ်ကြောင်း ပြောသည်။
“ကျမတို့ အချိန်ကြာမြင့်စွာ တောင့်ခံနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့မှာ ပြည်သူရဲ့ ထောက်ခံမှု ရှိနေပါတယ်။ အစိုးရတွေဆိုတာ ပြည်သူလူထုရဲ့ ထောက်ခံမှု အပေါ်မှာ မှီခိုရတာဖြစ်တဲ့အတွက် ဘယ်တော့မှ အာဏာရှင် ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
လွှတ်တော်တွင် စစ်တပ်က နေရာ ၂၅ ရာခိုင်နှုန်း ဆက်လက်ရယူထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ စစ်တပ်နှင့်အတူ လုပ်ဆောင်နိုင်စွမ်း အပေါ် စိုးရိမ်နေမှုများနှင့် ပတ်သက်၍ စစ်တပ်နှင့် အခြားအဖွဲ့အစည်းများနှင့် ပူး ပေါင်း ဆောင်ရွက်သွားမည်ဟု ပြောသည်။
“စစ်တပ်ဖြစ်စေ၊ အခြားအဖွဲ့အစည်းနဲ့ပဲ ဖြစ်စေ ပူးပေါင်းဆောင်ရွက်ရေးက လုပ်ကိုလုပ်ရမယ့် အရာဖြစ်ပါတယ်။ အဲဒါက တညတည်းနဲ့တော့ ဖြစ်မလာပါဘူး။ တည်ဆောက်နိုင်ဖို့ လေ့လာရပါမယ်။ ဒါက သီအိုရီ နည်းလမ်းတခုတည်းနဲ့ အလုပ်မဖြစ်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ဒါကြောင့် ကျမတို့ အကြောင်းကိစ္စတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာက အဲဒါတွေ ဘယ်လို ပေါ်ပေါက်လာသလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။ အဲဒီ ၂၅ ရာခိုင်နှုန်းက အချိန်တန်ရင် သွားရမယ်ဆိုတာ NLD က တရားဝင်ပြောခဲ့ပြီးပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ဒီမိုကရေစီနဲ့ မကိုက်ညီလို့ပါ။ ဒါပေမယ့် ကျမတို့က ပြန်လည်သင့်မြတ်ရေးတခုကို ချဉ်းကပ်တဲ့ နည်းလမ်းတခုနဲ့ စေ့စပ်ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။”
“ကျမတို့ အစိုးရဖွဲ့စည်းပြီးတာနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ သူတို့ကို လမ်းဖွင့်ပေးသွားမှာ ဖြစ်ပါတယ်” သူက ထပ် ပြောသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံနှင့် ပြည်ပရောက် ပြည်သူ သန်း ၃၀ ကျော် မဲပေး ခဲ့ကြသည်။ NLD ပါတီက သမ္မတရွေးချယ်ရန်နှင့် အစိုးရ ဖွဲ့စည်းနိုင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်တွင် ၆၇ ရာခိုင် နှုန်း အနိုင်ရရှိရန် ရည်ရွယ်ထားသည်။