မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာက ချီးကျူးခဲ့ပါတယ်။ လွတ်လပ်ပြီး အတော်လေး မျှတမှု ရှိတဲ့ ရွေးကောက်ပွဲလို့ ထောပနာပြုခဲ့ပါတယ်။
မြန်မာနိုင်ငံအစိုးရနဲ့ ခရိုနီသူဌေးကြီးတွေအပေါ်မှာ ပိတ်ဆို့မှုနဲ့ ဆန်ရှင်တွေဆက်လုပ်ပြီး လုပ်ထားဆဲဖြစ်တဲ့ အမေရိကန် အစိုးရကလည်း ဒီရွေးကောက်ပွဲကို သတိနဲ့ ကြိုဆိုလိုက်ပြီးဖြစ်ကာ ပြည်သူပြည်သားတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။
နှစ်ပေါင်း ၅၀ နှစ်ကျော် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့အောက်မှာ ဒီမိုကရေစီခရီးကြမ်းဟာ ငရဲပါပဲ လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အရှေ့တောင်အာရှရေးရာ အကြီးအကဲ Daniel Russel က ပြောဆို လိုက်ပြီး အခုတော့ အရေးကြီးတဲ့ကာလတခုကိုကျော်ပြီလို့ ဆိုလိုက်ပါတယ်။ ဒီရွေးကောက်ပွဲရလဒ်ကို လက်ခံ ပြီး အာဏာလွှဲပြောင်းရေးဖြစ်ခဲ့မယ်ဆိုရင်တော့ အမေရိကန်အနေနဲ့ ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှား ပေးမှာဖြစ်လို့ အမေရိကန်အရာရှိတွေက ပြောဆိုလိုက်ပါတယ်။
အရင်အစိုးရခေတ်ဟောင်းက ဗိုလ်ချုပ်ကြီးတွေဟာ SDN (Specially Designated Nationals Lsit) ခေါ် ဆန်ရှင်စာရင်းထဲမှာ ကျန်ရှိနေသေးသလို ခေတ် ပျက်ခေတ်ဆိုးထဲမှာ ကြွယ်ဝချမ်းသာလာတဲ့ ခရိုနီခေါ် သူဌေးကြိးတွေဟာ အမေရိကန်ရဲ့ ဆန်ရှင် စာရင်းထဲမှာ ကျန်ရှိ နေသေးတာ ဖြစ်ပါတယ်။ နာမည်စာရင်းမှာ ဦးထွန်းမြင့်နိုင်(Asia World) ၊ ဦးတေဇ(Htoo Company) ၊ ဦးဇော်ဇော်(Max Myanmar) အပါအဝင် အများ အပြား ကျန်ရှိနေသေးတာဖြစ်ပါတယ်။