တနိုင်ငံလုံးရှိ နိုင်ငံရေး အကျဉ်းသားများ ချွင်းချက်မရှိ လွှတ်ပေးရန် သာယာဝတီ အကျဉ်းထောင်တွင် အစာငတ်ခံ ဆန္ဒပြ တောင်း ဆိုနေသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ ကိုအောင်မှိုင်းဆန်းနှင့် ကိုမျိုးမြတ်စံတို့မှာ ကျန်းမာရေး အခြေ အနေ ဆိုးဝါးလာဖြင့် ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း စုံစမ်းသိရသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကိုအောင်နေပိုင်က“အစာအငတ်ခံတာ ရက် ၂၀ လောက် ရောက်လာတော့ ကျန်းမာရေး အခြေအနေက တော်တော် ဆိုးနေပြီ။ အခု ရန်ကုန်ဆေးရုံကြီးမှာ ဘာတွေ ဖြစ်နေလဲဆိုတဲ့ အသေးစိတ်ကို ဆက်စစ် ဆေးဖို့ ရှိတယ်။ ဒါပေမယ့် ကိုအောင်မှိုင်းဆန်းက ဆေးကုသမှုကို လက်မခံသေးဘူး။ သူ့ကြည့်ရတာ အစာမစားတာများလို့ အူမှာ ပြဿနာ ဖြစ်နေပုံရတယ်။ ကိုမျိုးမြတ်စံလည်း ဒီအတိုင်းပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ကိုအောင်မှိုင်းဆန်းကို သာယာဝတီ အကျဉ်းထောင်အတွင်းရှိ ဆေးရုံတွင် ထားရှိသော်လည်း ကျန်းမာရေး အခြေအနေမှာ ဆိုးဝါး လာသည့် အတွက် ယခုလို ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းလဲပို့ဆောင်ခြင်း ဖြစ်ကြောင်း၊ လက်ရှိ ကိုအောင်မှိုင်းဆန်း၏ အနေအထား မှာ လမ်းလျှောက်နိုင်ခြင်း မရှိသည့်အတွက် လူနာထမ်းစင်ဖြင့် ပို့ဆောင်နေရသည့် အခြေအနေမျိုး တွေ့ရကြောင်း ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု့ခဲ့သူ တဦးက ပြောသည်။
၎င်းက“သူ့အခြေအနေက ကိုမျိုးမြတ်စံထက် ဆိုးတဲ့ အနေအထား တွေ့ရတယ်။ ကိုမျိုးမြတ်စံကို ဝှီးချဲနဲ့ ဆေးရုံထဲကို ခေါ်သွားတယ်။ ကိုအောင်မှိုင်းဆန်းကတော့ ထမ်းစင်နဲ့ တင်သွားရတယ်”ဟု ပြောသည်။
ကိုအောင်မှိုင်းဆန်းနှင့် အတူ အစာငတ်ခံ ဆန္ဒပြနေသည့် တောင်ငူခရိုင် ကျောင်းသားများ သမဂ္ဂ(ဗကသ)မှ ကိုဖြိုးဓနကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က ကျန်းမာရေး အခြေအနေ ဆိုးဝါးသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ကိုဖြိုးဓနက“ကျနော့်ကို မနက်ဖြန် ဆေးရုံဆင်းချင်ရင် ဆင်းလို့ရပြီလို့ ပြောတယ်။ မနက်က အစာအိမ် လမ်းကြောင်းထဲကို မှန်ပြောင်း ကြည့်တယ်။ ဘာဖြစ်တယ်ဆိုတာကိုတော့ မသိရဘူး။ အခုထိ ကျနော် ဗိုက်အရမ်းအောင့်တယ်။ ခေါင်းတွေ တအား မူးနေတုန်းပဲ။ အိမ်သာသွားရင် နှစ်ယောက်လောက်ပါမှ သွားလို့ရတယ်”ဟု ဆိုသည်။
တနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးတွင် ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများနှင့် ဖမ်းဆီး တရားစွဲခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် ပြီးခဲ့သည့် အောက်တိုဘာ၂၃ ရက်နေ့က စတင်၍ သာယာဝတီ အကျဉ်းထောင်တွင် ကိုအောင်မှိုင်းဆန်းက စတင်ပြီး အစာငတ်ခံ ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထို့အတူ အောက်တိုဘာ ၂၈ ရက်နေ့တွင် သာယာဝတီ အကျဉ်းထောင်အတွင်းရှိ ကိုသန်းထိုက်၊ ကိုမျိုးထက်ပိုင်နှင့် ကိုမျိုးမြတ်စံတို့ ၃ ဦးက အစာငတ်ခံ ဆန္ဒပြ တောင်းဆိုမှုတွင် ပါဝင်ခဲ့ပြီး နိုဝင်ဘာ ၂ ရက်နေ့တွင် ကိုဆွေလင်းထွန်း၊ ကိုဖြိုးဓန၊ ကိုမာနော်၊ ကိုကျော်စွာလင်းတို့ ၄ ဦးကလည်း အစာငတ်ခံ တောင်းဆိုမှုတွင် ထပ်မံ ပါဝင်လာခဲ့သည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် သာယာဝတီ အကျဉ်းထောင်အတွင်းက ကိုအောင်မြင့်ဟန်၊ ကိုသိန်း၊ ကိုခန့်အောင်၊ ကိုရဲထွဋ်ဝင်းနှင့် ကိုစိုးမိုးနိုင်တို့ ငါးဦး ပူးပေါင်းပါဝင်ခဲ့သည့်အတွက် ယခုဆိုလျှင် သာယာဝတီ အကျဉ်းထောင်တွင် အစာငတ်ခံ ဆန္ဒပြ တောင်းဆို နေသူ စုစုပေါင်း ၁၃ ဦး ရှိပြီ ဖြစ်သည်ဟု ၎င်းတို့၏ မိသားစု အသိုင်းအဝိုင်းက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၀ ရက်က အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး လက်ပံတန်းအထိ ချီတက်ဆန္ဒပြ တောင်းဆိုခဲ့သည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီးနောက် စွဲချက်အမျိုးမျိုးဖြင့် တရားစွဲဆို အမှုဖွင့်ခဲ့ရာတွင် ယခု အစာငတ်ခံ ဆန္ဒပြ တောင်းဆိုနေသူ ၁၃ဦး အပါအဝင် ဖြစ်သည်။
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများ အပါအဝင် ၁၂၇ ဦးကို ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင် အပါအဝင် လူ ၆၀ ကျော်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ) တို့ဖြင့် အမှုဖွင့် အရေးယူ ဖမ်းဆီးထားသေးကြောင်း သိရသည်။