အမေရိကန်က အသစ်ချမှတ်လိုက်သည့် ပိတ်ဆို့အရေးယူခံရသူ ၄ ဦးစာရင်းတွင် မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်လည်း ပါဝင်နေပြီး ယခု အသစ်ကြေညာလိုက်သည့် ပိတ်ဆို့အရေးယူမှုများသည် လက်နက်ရောင်းဝယ်မှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်ကြောင်း အမေရိကန် ကြေညာလိုက်သည်။
မြောက်ကိုရီးယား သံအမတ် ကင်မ် ဆွတ် ချိုးလ် (Kim Sok Chol) ကို တာဝေးပစ် ဒုံးကျည်အတွက် ပစ္စည်းကိရိယာများကို ဝယ်ယူရေးအတွက် မြောက်ကိုရီးယား အစိုးရပိုင် သတ္ထုတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းစုက ငွေပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် သံအမတ် ကင်မ်သည် မြန်မာကာကွယ်ရေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်တချို့နှင့် မြောက်ကိုရီးယားမှ တာဝန်ရှိသူတချို့ ငွေကြေးကိစ္စအတွက် တွေ့ဆုံရေး စီစဉ်ပေးခဲ့သည်ဟုလည်း AP သတင်းဌာနက ဖော်ပြသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားငွေကြေး ထိန်းချုပ်ရေး ရုံး၏ ကြေညာချက်တွင် တခြားသော မြောက်ကိုရီးယား ၃ ဦးနှင့် အီဂျစ်အခြေစိုက် မြောက်ကိုရီးယားပိုင် ကုမ္ပဏီတခုလည်း ပါဝင်နေပြီး လက်နက်ဈေးကွက် ချဲ့ထွင်ရေးကို အကူအညီပေးနေသည်ဟု ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် နိုင်ငံတကာ ဥပဒေများကို ဆက်လက် ချိုးဖောက်နေပြီး ဖျက်အားပြင်း အဆင့်မြင့်လက်နက်များ ပြန့်ပွားရေး လုပ်ဆောင်နေခြင်းက အမေရိကန်မှသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအထိ ခြိမ်းခြောက်နေသည်ဟု နိုင်ငံရပ်ခြား ပိတ်ဆို့အရေးယူမှုဆိုင်ရာ အတွင်းရေးမှူး အဒမ် ဆူဘင်က ပြောဆိုသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် အမေရိကန်သည် မြန်မာနိုင်ငံမှ ပိတ်ဆို့အရေးယူခံရသူတချို့ကို စာရင်းမှ ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်သည်။