ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အသက် ၅ နှစ်အရွယ် ကလေးငယ် တဦးအား အဓမ္မကျင့်ခဲ့သည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ရာ မြို့ခံလူထု၏ စုဝေးမှုများဖြစ်ပေါ်ခဲ့သည်။
ဖြစ်စဉ်မှာ နိုင်ဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က စက်ရုံစုရပ်ကွက်တွင် နေထိုင်သည့် ၎င်း ကလေးငယ်သည် အိမ်နောက်ဖေးသို့ အပေါ့ အလေးသွားရန် သွားရောက်စဉ် ဦးအောင်မြင့် (ခ) ဦးကျော်ကျော်မိုး ( ၅၁ နှစ်)မှ ကလေးငယ်အား ပါးစပ်ကို ပိတ်ပြီး အဓမ္မကျင့်ခဲ့သဖြင့် ကလေးငယ်၏ အင်္ဂါတွင် သွေးများယိုကျနေသည်ကိုာမိသားစုဝင်များမှ သိရှိပြီး မေးမြန်းကြည့်ရာမှ ရပ်ကွက်ပြည်သူများက ဝိုင်းဖမ်းဆီးကာ အမှတ် (၁) ရဲစခန်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ မိသားစုဝင်များက ပြောသည်။
ဦးအောင်မြင့် (ခ) ဦးကျော်ကျော်မိုးသည် မြောက်ဦးတပ်နယ် တခုမှ တပ်မတော်သား အဖြစ်မှ ခွင့်မဲ့ပျက်ကွက်နေသူ တပ်ပြေးတဦး ဖြစ်ကြောင်း၊ တပ်ပြေးဘဝဖြင့် ၁၀ နှစ်ခန့် ကြာ ရှိနေသူ တဦးဖြစ်ပြီး စစ်တွေမြို့သို့ ရောက်ရှိကာ ရခိုင်ဒေသခံ အမျိုးသမီးတဦးနှင့် အိမ်ထာင်ကျ၍ စက်ရုံစုရပ်ကွက်သို့ ပြောင်းရွှေ့ နေသူ တဦးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း ၎င်း၏ မယားနှင့် အတူနေသူ တဦးဖြစ်ကြောင်း၊ ဦးအောင်မြင့် (ခ) ဦးကျော်ကျော်မိုးသည် ဆိုက္ကားနင်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်သူတဦးဖြစ်သလို မိန်းကလေးငယ်၏ ဖခင်မှာလည်း သင်္ဘောဆိပ်ကမ်းများတွင်း ကုန်တင်ကုန်ချ လုပ်သားတဦး ဖြစ်ကြောင်း စုံစမ်းသိရသည်။
ကလေးငယ်၏ အဖိုးဖြစ်သူ ဦးထွန်းဝင်းက “ ဖြစ်တဲ့ အချိန်က ကျနော်လည်း အိမ်မှာ မရှိဘူး။ အပြင်ကို ရောက်နေတယ် ။ အိမ်ပြန်လာတော့ ရပ်ကွက်ထဲက လူတွေ အိမ်ကို ရောက်နေကြတယ်။ မေးကြည့်တော့ ဒီလို မတရားကျင့်ခံရတယ် ဆိုတာ သိတော့ အဲဒါဆိုရင် အဲဒီကောင်ကို လိုက်ရှာ သက်ဆိုင်ရာကို ပို့ရမယ် ဆိုပြီး ရပ်ကွက်က လူတွေနဲ့ သူ့အိမ်ကိုသွားတယ်။ အဲဒီကောင် သူ့အိမ်ပါ်မှာ ထိုင်နေတယ်။ အဲဒီနေရာက ဖမ်းဆီးပြီး ရဲစခန်းကို ပို့လိုက်တာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
ကလေးငယ်အား အဓမ္မကျင့်သည်ဆိုသည့် သတင်းကြောင့် စစ်တွေမြို့ခံများက မခံမရပ်နိုင် ဖြစ်ကာ အမှတ် (၁) ရဲစခန်းရှေ့တွင် ညနေ ၇ နာရီမှ ၉ နာရီထိ လူထုစုဝေးမှုကြီး ဖြစ်ပွားခဲ့ရာပြီး ကလေးငယ် ဆေးကုသမှု ခံယူနေသော စစ်တွေ ပြည်သူ့ဆေးရုံအတွင်းသို့လည်း အဆိုပါမြို့ခံလူလူထုများက လာရောက်ခဲ့ကြရာ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များကပြည်သူ့ဆေးရုံ အရေးပေါ် လူနာဆောင်ရှေ့တွင် လုံခြုံရေးများကို တင်းကြပ်စွာ ချထားခဲ့ကြောင်း သိရသည်။
ယင်းသို့ လူအုပ်ကြီးများ ရဲစခန်းရှေ့နှင့် ဆေးရုံဝင်းအတွင်းသို့ ရောက်လာခဲ့ကြသည့်အတွက် မလိုလားအပ်သော ပြသနာများ မကြီးထွားရန်အတွက် မြို့ခံလူထုများအနေဖြင့် အိမ်ပြန်ကြရန်နှင့် အဓမ္မကျင့်သည်ဆိုသူကိုလည်း ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ဖျောင်းဖျခဲ့ရသည်။ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်သာဝင်းက “ဒီကိစ္စကို ကျနော်တို့ ဥပဒေအတိုင်း အရေးယူသွားမှာပါ။ အခု အရေးယူတားထာက အဓမ္မကျင့်မှုရယ်။ ဓမ္မတာလွန်ပြီး ပြုကျင့်တာရယ် အဲဒီနှစ်မှုနဲ့ အရေးယူထားပါတယ်” ဟု ပြောသည်။
၎င်းကိစ္စနှင့် ပတ်သတ်ပြီး စစ်တွေတပ်နယ် ဒကစမှူးမှ လာရောက်ကြည့်ရှုခဲ့ရာ ဦးအောင်မြင့် (ခ) ဦးကျော်ကျော်မိုးသည် တပ်မတော်မှ ထုတ်ပယ်ထားသူ တဦး ဖြစ်သဖြင့် စစ်ဘက်မှ လွှဲပြောင်းရယူမည် မဟုတ်ကြောင်း၊ အရပ်ဘက် ဥပဒေအတိုင်းသာ ဆက်လုပ်ကြရန် မှာကြားခဲ့ကြောင်း ၎င်းအမှုအား ကူညီဆောင်ရွက်ပေးနေသူ ရခိုင်အမျိုးသမီးကွန်ရက်မှ ဒေါ်ညိုအေးက ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ကလေးငယ်သည် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး အမျိုးသမီးခွဲစိတ်ဆောင်တွင် အတွင်းလူနာ အဖြစ် ဆေးကုသမှုကို ခံယူနေရပြီး ယင်းဖြစ်စဉ်အား ကျူးလွန်ခဲ့သည်ဆိုသူအား စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၇ / ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သက်ဆိုင်ရာ ရဲအရာရှိများကပြောသည်။
ပြီးခဲ့သည့်လအတွင်းကလည်း စစ်တွေ ဓညဝတီ ရပ်ကွက်မှ ရှစ်နှစ်အရွယ် ကလေးငယ်တဦးကို တပ်မတော်သား တဦးမှ ဗလက္ကာရ ပြုကျင့်မှု ဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် ရန်ကုန် ရန်ကင်း ကလေးဆေးရုံတွင် ကလေးငယ် သေဆုံးသွားခဲ့သည်။ အဆိုပါ တပ်သားကို တပ်က စည်းကမ်းဖောက်မှုဖြင့် တနှစ် ထောင်ဒဏ်ချပြီး အရပ်ဘက် တရားရုံးသို့ အမှုဆက်လက်စစ်ဆေးရန် လွှဲပြောင်းထားသည်။