ပြည်မြို့ အောင်ဆန်းပြည်သာ ရပ်ကွက်အတွင်း တရားမဝင်ဖွင့်လှစ်ထားသည့် အနှိပ်ခန်းပိုင်ရှင် လင်မယား ၂ ဦးကို လူကုန်ကူးမှု ဥပဒေဖြင့် အာဏာပိုင်များက ဖမ်းဆီး အရေးယူထားကြောင်း သတင်းရသည်။
အနှိပ်ခန်းပိုင်ရှင် ဦးမျိုးဦး(၅၄နှစ်)နှင့် ဒေါ်အိခိုင်(၄၅နှစ်) တို့ ၂ ဦးအား ပြည်မြို့ အမှတ် ၃ ရဲစခန်းတွင် (ပ) ၂၆၅/၂၀၁၅ လူကုန်ကူးမှု တားဆီးကာ ကွယ်ရေး ဥပဒေပုဒ်မ ၂၄ နှင့် အရေးယူထားခြင်း ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နှင်းရေးအဖွဲ့ ရဲအုပ် ရဲဝင်းနိုင် ထံမှ သိရှိရသည်။
ယင်းအနှိပ်ခန်းတွင် အလုပ်လုပ်နေသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတဦးက နိုဝင်ဘာလ ၁၂ ရက်နေ့က ထွက်ပြေးလွတ် မြောက်လာပြီး ၎င်း၏မိခင်ဖြစ်သူက အမှုဖွင့်တိုင်ကြားခဲ့သည့်အတွက် ပြည်မြို့အမှတ် ၃ ရဲစခန်းက နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတွင် အနှိပ်ခန်းပိုင်ရှင် လင်မယား နှစ်ဦးကို သွားရောက် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထွက်ပြေးလွတ်မြောက်လာသူ အသက် ၁၇ နှစ်အရွယ်မိန်းကလေးသည် ပြည်မြို့ရှိ လက်ဖက်ရည်ဆိုင်တခုတွင် စားပွဲထိုး လုပ်ကိုင် နေစဉ် အဆိုပါအနှိပ်ခန်းပိုင်ရှင်များက ၎င်းတို့ထံတွင် ထမင်းချက်လုပ်ကိုင်ပါက တလ ကျပ် ၂ သိန်း လစာဖြင့် အလုပ်ခန့်မည်ဟု ပြောဆိုသည်ကို ယုံကြည်ပြီး သွားရောက်လုပ်ကိုင်ချိန်တွင် အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာ လုပ်ငန်း ဖြစ်နေပြီး တံခါးများပိတ်၍ အတင်းအဓမ္မ အလုပ်ခိုင်းစေခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သန်းသန်းအေးက ဧရာဝတီသို့ ပြောသည်။
“သမီးက အရင်က ပြည်ကားဂိတ်ကြီးရှေ့က လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်တယ်၊ အဲဒီ အနှိပ်ခန်းပိုင်ရှင် လင်မယားက လက် ဖက် ရည် လာသောက်ရင်း သူတို့ဆီမှာ ထမင်းချက်လုပ်မလား နှစ်သိန်းရမယ်ပြောပြောနေတာ၊ သမီးက လက်ဖက်ရည် ဆိုင်က ထွက်ပြီး အိမ်ကိုပြန်လာမယ်လုပ်တာမှာ သူတို့ဆီကိုရောက်သွားတာပဲ”ဟု အမှုဖွင့်တိုင်ကြားသူ ဒေါ်သန်းသန်းအေးက ပြောပြ သည်။
လာရောက်အနှိပ်ခံသူ တဦးထံမှ အကူအညီတောင်း၍ မိဘများထံဆက်သွယ်ရာ မိဘများက လာရောက်ရှာဖွေစဉ် မိန်းကလေး အား ဝှက်ထား၍ အိမ်အတွင်း ဝင်ရောက်ရှာဖွေစဉ် ရပ်ကွက်အတွင်း ထွက်ပြေးခိုင်းရာမှ အိမ်နီးနားချင်းများ၏ ကူညီမှုဖြင့် ပြန်တွေ့ရှိခဲ့ရကြောင်း ဒေါ်သန်းသန်းအေးက ပြောသည်။
“ကျမ မကျေနပ်ဘူး၊ စားစရာလည်းမရှိဘူး၊ အမှန်အတိုင်းပဲ ဖြစ်စေချင်တယ်။ ကျမသမီးကို ဖျားယောင်းသွေးဆောင်မှု၊ နောက် တခု က အဲဒီနေရာမှာ ကျမသမီးရှိနေရဲ့နဲ့ ထုတ်မပေးဘဲနဲ့ အုတ်နံရံကနေ အောက်ကိုပစ်ချလိုက်တယ်။ အနားအိမ်ရှင်က ကောင်း လို့ ကယ်ထားလိုက်လို့ ကျမတို့ပြန်ရတာ”ဟုလည်း ၎င်းက ဆက်ပြောသည်။
အဆိုပါ အသက် ၁၇ နှစ်အရွယ် မိန်းကလေးထွက်ပြေး လွတ်မြောက်လာပြီး နောက်တနေ့ နိုဝင်ဘာ ၁၃ ရက်တွင် ထိုအနှိပ်ခန်းမှ နောက်ထပ် မိန်းကလေး ၃ ဦး ထွက်ပြေးလာပြီး ပြည်မြို့ ကန်သာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရကြောင်း သိရသည်။
ထပ်မံ ထွက်ပြေး လွတ်မြောက်လာသော မိန်းကလေးများထဲမှ အသက် ၁၆ နှစ်အရွယ် မိန်းကလေးက ၎င်းတွင် ကိုယ်ဝန်သုံးလ လွယ် ထားရကြောင်းနှင့် အဆိုပါ အနှိပ်ခန်းတွင် နေထိုင်စဉ် အဖြစ်အပျက်များကို ပြောပြသည်။
“ရဲတွေလာရင်လည်း အလကားဝင်ပေးရတယ်၊ တနေ့ သစ်သမားတယောက် လာတာ၊ ကွန်ဒုံးမရှိဘဲ သွားမိလို့၊ သမီးမှာကိုယ် ဝန် ရှိနေတယ်လို့ ပြောတော့မှ ဆေးလာတိုက်တယ်၊ အခုသမီးမှာ ကိုယ်ဝန်ရှိနေပြီ၊ သမီးတို့ မှတ်ပုံတင်တွေကိုလည်း သိမ်း ထားတယ်၊ အခုမနေနိုင်လို့ သမီးတို့ ထွက်ပြေးလာတာ။ သူတို့က နင်တို့ ဘယ်မှသွားလို့မရအောင် ကားဂိတ်တွေကို လုပ် ထား တယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ဆေးဝယ်သောက်တာတွေ ဖိုင်းချပြီး ငွေဖြတ်တာတွေကြောင့်လည်း သူတို့ဆီမှာတောင် သမီးတို့က အကြွေး ပြန်တင်နေတယ်”ဟု ပြည်မြို့နယ် ဖိုးခေါင်ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် မိန်းကလေးက ပြောသည်။
အတင်းအဓမ္မ လိင်ဆက်ဆံခိုင်းခြင်း၊ ထွက်မပြေးရန် ခြိမ်းခြောက်ပြောဆိုခြင်း ကိုယ်ထိလက်ရောက် နှိပ်စက်ခြင်းများ အပြင် ယင်း အလုပ်လုပ်ကိုင်နေစဉ် ပြင်ပသို့ ထွက်ခွင့်မပေးဘဲ သောက်ရေမှအစ အစားအစာများနှင့် ဆေးဝါးများကို နှစ်ဆသုံးဆခန့် ဈေးတင်ထားပြီး ဆိုင်ပိုင်ရှင်များ သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း ဝယ်ယူစားသုံးခဲ့ရကြောင်း ထွက်ပြေးလွတ်မြောက်လာ သော မိန်းကလေးများက ပြည်မြို့ရှိ သတင်းထောက်များကို ပြောပြကြသည်။