ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တဝိုက်တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ ရက်ခန့်ရှိပြီဖြစ်ပြီး KIA က ၎င်းတို့၏ တပ်မဟာ(၈)၊ ဌာနချုပ်နှင့် ရှေ့တန်းတပ်စခန်း တချို့ကို ဆုတ်ခွာပေးလိုက်ရပြီဟု သတင်းရရှိသည်။
KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က “နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်၊ နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ပစ်တာတွေ လုပ်လာတော့ တပ်မဟာ (၈)၊ ဌာနချုပ်ကို မနေ့က မနက်ပိုင်းမှာ ဖယ်ပေးလိုက် ရပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
KIA အနေဖြင့် တပ်မတော်ဘက်မှ ပစ်ခတ်လာသည့် လက်နက်ကြီးများ၊ လေယာဉ်နှင့် ဗုံးကျဲခြင်းတို့ကို ပြန်လည် မတိုက်ခိုက်နိုင်ဘဲ ခုခံရန်လည်း အခြေအနေ မကောင်းသဖြင့် တပ်မဟာ(၈)၊ ဌာနချုပ်အပါအဝင် ရှေ့ တန်း တပ်စခန်း တချို့ကို ဖယ်ပေးလိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။
တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ နိုဝင်ဘာလ ၁၆ ရက်တွင် လေယာဉ်ကို စတင် အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
KIA တပ်စခန်းများမှာ နိုဝင်ဘာလ ၁၆ ရက်၊ မနက်ပိုင်းတွင် အားလုံး ရွှေ့ပြောင်းထားပြီဖြစ်သဖြင့် တပ်မတော်မှ လေယာဉ်ဖြင့် တကြောင်း၊ လက်နက်ကြီးဖြင့် တကြောင်း ပစ်ခတ်နေခြင်းတို့မှာ လူမရှိသည့် တပ်စခန်းများကို ပစ်နေခြင်း ဖြစ်သည်ဟုလည်း ဦးလနန်က ဆိုသည်။
မိုးညှင်းမြို့နယ်အတွင်း တိုက်ပွဲမှာ နိုဝင်ဘာလ ၁၄ ရက်တွင် စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နှစ်ဖက်တပ်များက အပြန်အလှန် ပစ်ခတ်နိုင်သည့် အခြေအနေမျိုး ဖြစ်ခဲ့ခြင်းမရှိဘဲ တပ်မတော်ဘက်မှ ရုတ်တရတ် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်ဟု ဦးလနန်က ပြောသည်။
ဧရာဝတီသတင်းဌာနမှ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲ ကိစ္စနှင့် ပတ်သတ်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သတင်းအချက်အလက် သိရှိနိုင်ရန် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း တစုံတရာ ဖြေကြားခဲ့ခြင်း မရှိပါ။
ယနေ့ မွန်းလွဲပိုင်းတွင် အစိုးရတပ်၏ အာဘော်ဖြစ်သော မြဝတီသတင်းဌာနက KIA သည် မိုင်းထောင်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခြင်းများရှိနေကြောင်း၊ ထို့ကြောင့် နယ်မြေရှင်းလင်းရေး လုပ်စဉ် KIA နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် တပ်မတော် (လေ) က ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ပစ်ကူပေးနေကြောင်း၊ KIA အဖွဲ့မျးာကို ဆက်လက်နယ်မြေ ရှင်းလင်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
တပ်မတော် နှင့် KIA အကြား မိုးညှင်းတွင် တိုက်ပွဲ ဖြစ်ပွားသည်မှာ နှစ် ၃၀ အတွင်း ယခုအကြိမ်မှာ ပထမဦးဆုံး အကြိမ်ဖြစ်သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာမှာ မိုးညှင်းမြို့နှင့် ၂ မိုင်ခန့်သာ ကွာဝေးတော့သဖြင့် မိုးညှင်းဒေသခံ များကလည်း ကြောက်လန့်နေကြသည်ဟု သိရှိရသည်။
မိုးညှင်းမြို့ ဒေသခံ ဦးတင်အေးက “လေယာဉ်တွေ မြို့ပေါ်ကနေ ပျံနေတာ မနေ့က နေ့လည် ၁ နာရီကနေ ၃ နာရီအထိပဲ၊ လေယာဉ်တွေ လာပြီးတော့ ဗုံးကျသံတွေ တောက်လျှောက်ကြားရတော့တာပဲ။ လက်နက်ကြီး ကျသံတွေလည်း အကျယ်ကြီးကြားရတယ်” ဟု ဧရာဝတီကို ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် နေရာတွင် နမ့်ကျပ်ဟု အမည်ရသည့် ရွာတရွာနှင့် တိုက်ပွဲအတွင်း ရောက်ရှိနေသည့် ဒညင်းတူရွာမှ ရွာသူရွာသားများ စုစုပေါင်း ၃၀၀ ကျော်နှင့်လည်း ဆက်သွယ်၍ မရသေးဟု ဦးတင်အေးက ပြောသည်။
KIA မှာ လက်ရှိအစိုးရဖော်ဆောင်နေသည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) အကောင်အထည် ဖော်မှုတွင် ပါဝင်ဆွေးနွေးခဲ့သော်လည်း NCA ကို လက်မှတ်ထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်သည်။
အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် ၂၀၁၁ ခုနှစ်မှစ၍လည်း တပ်မတော် နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။
ထို့အတူ ရှမ်းပြည်နယ်တွင်လည်း NCA တွင် ပါဝင်လက်မှတ်မထိုးခဲ့သည့် သျှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA) မှာလည်း တပ်မတော်နှင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။