နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေသော ကိုအောင်မှိုင်းဆန်းနှင့်အတူ ကျောင်းသား ၇ ဦးက ယနေ့တွင် အစာငတ်ခံ ဆန္ဒပြခြင်းကို ရပ်တန့်လိုက်ကြောင်း သတင်းရရှိသည်။
အစာငတ်ခံ ဆန္ဒပြရာမှ ကျန်းမာရေး ဆိုးဝါးလာမှုကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကိုအောင်မှိုင်း ဆန်း နှင့် ကိုမျိုးမြတ်စံတို့ ၂ ဦးက ရွှေဝါရောင် သံဃာကွန်ရက်၊ မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက်(NNER) နှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံ တောင်းဆိုချက်များ ကြောင့် ယနေ့တွင် အစာ ငတ်ခံ ဆန္ဒပြတောင်းဆိုမှုကို ရက်အကန့်အသတ်မရှိ ယာယီ ရပ်နားလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ ခုနကပဲ ကိုအောင်မှိုင်းဆန်းဆီက အစာငတ်ခံဆန္ဒပြမှု ရပ်တန့်လိုက်ပြီလို့ သိရတယ်။ ကျနော်တို့ကလည်း ကိုအောင်မှိုင်းဆန်းရဲ့ တောင်းဆိုမှု ပြည့်ဝဖို့အတွက် ပူးပေါင်းပါဝင်တာ ဖြစ်တဲ့အတွက် သူရပ်မယ်ဆို ကျနော်လည်း ရပ်တန့်မှာပါ” ဟု အစာငတ်ဆန္ဒပြနေသူတဦးဖြစ်သူ ကိုစိုးမိုးနိုင်က ယနေ့ သာယာဝတီ တရားရုံးထုတ်တွင် ပြောသည်။
ကိုအောင်မှိုင်းဆန်း၊ ကိုမျိုးမြတ်စံနှင့် ကိုဖြိုးဓနတို့ ၃ ဦးသည် အစာငတ်ခံဆန္ဒပြမှုကြောင့် လက်ရှိတွင် ရန်ကုန် ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေရပြီး သာယာဝတီ အကျဉ်းထောင်ထဲတွင် ကိုစိုးမိုးနိုင်၊ ကိုအောင်မြင့်ဟန်၊ ကိုသိန်းနှင့် ကိုရဲထွဋ်လွင်တို့ ၄ ဦးကလည်း အစာငတ်ခံဆန္ဒပြနေခဲ့ကြရာမှ ဆန္ဒပြမှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
တနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများနှင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် ပြီးခဲ့သည့် အောက်တိုဘာ၂၃ ရက်က စတင်၍ သာယာဝတီ အကျဉ်း ထောင် တွင် ကိုအောင်မှိုင်းဆန်းနှင့်ကျောင်းသားများက အစာငတ်ခံ ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အစာငတ်ခံ ဆန္ဒပြ တောင်းဆိုနေခြင်းသည် လက်ရှိ အကူးအပြောင်း ကာလတခုတွင် မီးစတစ်စ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် အစာငတ်ခံ ဆန္ဒပြတောင်းဆိုခြင်း ရပ်တန့်စေချင်ကြောင်း၊ မိမိတို့ သဘောဆန္ဒဖြင့် ဆန္ဒပြခြင်းကို အမိန့်ပေး ရပ်တန့်ခိုင်းခြင်း မဟုတ်ဘဲ ကျောင်းသား များ စဉ်းစားပြီး လုပ်ဆောင်စေချင်ကြောင်း၊ ယခုကဲ့သို့ ကျောင်းသားများ လုပ်ဆောင်မှုအပေါ်ကိုလည်း ဒေါ်အောင်ဆန်း စုကြည်အနေနှင့် ဂုဏ်ယူမိကြောင်း မေတ္တာရပ်ခံချက်တရပ် နိုဝင်ဘာလ ၁၄ ရက်နေ့က လုပ်ဆောင်ခဲ့ သည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ၇ ဖွဲ့ကလည်း စုပေါင်းပြီး ကိုအောင်မှိုင်းဆန်းတို့၏ အစာငတ်ခံ ဆန္ဒပြခြင်းကို လက်ရှိ ရွေးကောက်ပွဲ ကာလအပြီး ငြိမ်းချမ်းစွာ အာဏာလွဲပြောင်းမှု ဖြစ်ချိန်အထိ ရွှေ့ဆိုင်းပေးရန် တောင်းဆိုချက် တစောင် နိုဝင် ဘာလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၀ ရက်က အမျိုးသား ပညာရေး ဥပဒေနှင့်ပတ်သက်ပြီး လက်ပံတန်းအထိ ချီတက်ဆန္ဒပြ တောင်းဆို ခဲ့သည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖမ်းဆီး ချုပ်နှောင်ခဲ့ပြီးနောက် စွဲချက်အမျိုးမျိုးဖြင့် တရားစွဲဆို အမှုဖွင့် ခဲ့ခြင်း ဖြစ်ပြီး အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် ကျောင်းသား များ နှင့် ဝန်းရံ ပြည်သူများ အပါအဝင် ၁၂၇ ဦးကို ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင် အပါအဝင် လူ ၅၀ ဦးကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း၊ ကျောင်းသားများ၏ အမှုရုံးချိန်းကို လာမည့် နိုဝင်ဘာလ ၂၄ ရက်နေ့ ထပ်မံ ချိန်းဆိုထားကြောင်း သိရှိရသည်။