ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုင်းပါ ကျေးရွာ အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွင် စာနိပ်ရိက္ခာ ပြတ်လပ်မှု ဖြစ်တော့မည်ဟု သိရသည်။
ထိုဒေသတွင် လက်ရှိအချိန်ထိ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော်(SSPP/SSA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ် ပွားနေသည့် အတွက် စားနပ်ရိက္ခာ ပို့ရန် ခက်ခဲနေကြောင်း၊ ဆောင်းတွင်း ရောက်ရှိလာသည့်အတွက် ဒုက္ခသည်များ၏ ကျန်းမာ ရေး စောင့်ရှောက်မှုများလည်း လိုအပ်နေကြောင်း၊ ဟိုင်းပါ ဒုက္ခသည်များကို ခေါ်ထုတ်ရန်လည်း ကြိုးစားနေကြောင်း မိုင်းရှူးမြို့နယ် အတွင်း စစ်ဘေး ဒုက္ခသည်များကို ကူညီပေးနေသည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) မှ နန်းကောင်ခမ်း က ဧရာဝတီ သို့ပြောသည်။
ဟိုင်းပါ ကျေးရွာရှိ ဒုက္ခသည် စခန်း၌ စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၁၅၀၀ ခန့် ရှိကြောင်း သိရသည်။
“အခု တိုက်ပွဲတွေ၊ လက်နက်ကြီးတွေ ပစ်နေတော့ အဲ့ဒီဘက်ကို သွားပြီး ရိက္ခာပို့လို့ မရဘူး။ သွားဖို့လည်း အန္တရာယ်များတယ်။ တပတ်စာပဲ ကျန်တော့တယ်။ သူတို့ကို ဟိုင်းပါ ကနေ ကယ်ထုတ်ဖို့ ကြိုးစားနေပါတယ်”ဟု နန်းကောင်ခမ်းက ပြောပြသည်။
မိုင်းရှူးမြို့တွင် ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပွားခြင်းကြောင့်လည်း ဒေသခံများနှင့် မိုင်းရှူးမြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များက စိုးရိမ်မှုများဖြစ်နေကြောင်း၊ ဒုက္ခသည်များ ပိုတိုးလာသည့်အတွက် ဆန်၊ ဆီ စားနပ်ရိက္ခာများ လိုအပ်မှု ရှိနေကြောင်း ကူညီနေသူများက ပြောသည်။
လက်ရှိတွင်လည်း မိုင်းရှူးမြို့အတွင်း စစ်ဘေးရှောင်များ တနေ့ထက် တနေ့များလာပြီး စားဝတ်နေရေးအတွက် လိုအပ်မှုများရှိနေကြောင်း၊ ဟိုင်းပါ စစ်ဘေးရှောင်စခန်းရှိ ဒုက္ခသည်များကိုလည်း သွားရောက် မကူညီနိုင်သေးကြောင်း ဒုက္ခသည်များကို ကူညီနေသူ တဦး ဖြစ်သည့် နမ့်စန် မြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းသူရိန်ဦးကလည်း ပြောပြသည်။
ဆက်လက်ပြီး စိုင်းသူရိန်ဦးက“ဟိုင်းပါ ဒုက္ခသည်စခန်းကို ကျနော်တို့ မနက်ဖြန် မနက် ကြိုးစားဝင်သွားမယ်။ ဟိုင်းပါကို ဒီလ ၈ ရက် နေ့က နောက်ဆုံးရောက်ခဲ့တာပါ။ ကျနော်တို့ ကြားရတဲ့သတင်းတွေအရ ဟိုင်းပါမှာ စားနပ်ရိက္ခာက ၅ ရက်၊ ၆ ရက်စာလောက်ပဲကျန် တော့တယ်”ဟု ပြောသည်။
တိုက်ပွဲ ဖြစ်ပွားနေသည့် တလ ကျော် ကာလအတွင်း ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး၊ မိုင်းရှူး၊ လဲချား၊ နမ့်စန်၊ လားရှိုး၊ မိုင်းနောင် မြို့နယ်များတွင် ထွက်ပြေး တိမ်းရှောင် နေကြရသည့် စစ်ဘေးဒုက္ခသည် ၁၀၀၀၀ ကျော်ရှိလာပြီး တချို့ စစ်ဘေးရှောင်များသည် ကျေးရွာများတွင် ပိတ်မိနေကြောင်း ရှမ်းလူငယ်ကွန်ရက် ထံမှ သိရသည်။
ယမန်နေ့ ည ၉ နာရီကလည်း မိုင်းရှူးမြို့ ရပ်ကွက် (၄) ဦးတိမာ ရေခဲစက် နေအိမ်ရှေ့တွင် လက်ပစ်ဗုံး တလုံးပေါက်ကွဲခဲ့ပြီး မပေါက်သေးသော လက်ပစ်ဗုံး တလုံး တွေ့ရှိ ခဲ့ကြောင်းနှင့် လူထိခိုက်မှု မရှိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဒု ရဲမှူး ဆန်းလွင်က ဧရာဝတီ သို့ ပြောသည်။
“မိုင်းရှူး တန့်ယန်း ကားလမ်းပေါ်မှာပါ၊ ဆိုင်ကယ် နဲ့ လူ၂ယောက် လက်ပစ်ဗုံး လာပစ်သွားတယ်။ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံးပါ။ ဘယ်သူလဲ ဆိုတာ စုံစမ်း နေဆဲပါ”ဟု ဒု ရဲမှူး ဆန်းလွင်က ပြောဆိုသည်။