တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) အပါအဝင် ရှေ့ဆက်သွားမည့် နိုင်ငံရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်နိုင်ရန် အတွက် အဖွဲ့ဝင် ၉ ဦး ပါဝင်သည့် ကော်မတီ တခုကို တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ထို့ကော်မတီအား နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဖြေရှင်းရေး ကော်မတီဟု အမည် ပေးထားပြီး UNFC ၏ ဒု ဥက္ကဋ္ဌ နိုင်ဟံသာ က ဥက္ကဋ္ဌ၊ UNFC အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က ကော်မတီ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်၍ UNFC အဖွဲ့ဝင် ၉ ခုမှ တဦးစီ ပါဝင် ဖွဲ့စည်းထားကြောင်း၊ UNFC အဖွဲ့ဝင် မဟုတ်သည့် အဖွဲ့များသည်လည်း ပါဝင်လိုက ပါဝင်နိုင်မည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။
၎င်းက “အဓိကတော့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲကြီး ဖြစ်ပေါ်လာရေးကိစ္စတွေကို ဆောင်ရွက်နိုင် ဖို့၊ အစိုးရသစ်နဲ့ ရှေ့ဆက် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ၊ နိုင်ငံရေး ဆွေးနွေးမှုတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်သွားနိုင်ဖို့ ရည်ရွယ် ဖွဲ့စည်းတာပါ” ဟု ဆိုသည်။
နိုင်ငံရေး လုပ်ငန်းစဉ်များ ဆွေးနွေးရန် တနိုင်ငံလုံးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် နိုင်ငံရေး ဆွေးနွေးမှု ဦးဆောင် အဖွဲ့ (SD) တို့ကို ဖွဲ့စည်းထားခဲ့ သော်လည်း ထိုအဖွဲ့များသည် လက်ရှိတွင် မရှိတော့သည့် အတွက် အဖွဲ့သစ် ထပ်မံ ဖ့ွဲစည်းရခြင်း ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။
UNFC ၏ နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ကျင်းနေပြီး ထိုအစည်းအဝေးမှ နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ တရပ်ဖွဲ့စည်းခြင်း အပါအဝင် ရှေ့လုပ်ငန်းစဉ်များ အတွက် မူဝါဒ ၅ ရပ်ကိုလည်း ချမှတ်ထားကြောင်း UNFC အဖွဲ့ဝင်များထံမှ သိရသည်။
UNFC ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ခု ဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိ၌ အဖွဲ့ဝင် ၉ ခု ရှိသည်။ ထိုအဖွဲ့များသည် အစိုးရနှင့် NCA စာချုပ်ကို လက်မှတ် မထိုးရသေးသည့် အဖွဲ့များလည်း ဖြစ်သည်။ ယင်း ၉ ဖွဲ့မှာ ကချင် (KIO) ၊ ကရင်နီ KNPP ၊ ရှမ်းမြောက် (SSPP/SSA)၊ မွန် (NMSP)၊ ကိုးကန့် (MNDAA ) ၊ ပလောင် (တအာင်း -TNLA) ၊ ရခိုင် (ANC) ၊ လားဟူအမျိုးသာ ဒီမိုကရတစ် အစည်းအရုံး (LDU) နှင့် “ဝ” (WNO) စသည် တို့ဖြစ်သည်။