၂၀၁၅ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးရှိ မဲဆန္ဒနယ်များ၌် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၅၀၃ ဦးရှိရာ ၁၉ ဦးသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ် တင်ပြရန် ပျက်ကွက်ကြောင်း သတင်းရရှိသည်။
“ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကုန်ကျစရိတ်တွေ ပြန်လည်တင်သွင်းဖို့ ကိုယ်စားလှယ်လောင်းတွေကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့သလို ဒီလ ၁၄ ရက်နေ့အထိ နောက်ဆုံးထား စောင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်စားလှယ်လောင်း ၁၉ ဦး က တော့ အခုချိန်အထိ ကုန်ကျစရိတ်တွေ တင်သွင်းခြင်း မရှိတဲ့အတွက် ကိုယ်စားလှယ်လောင်း အရည်အချင်းပျက်ယွင်းသူ အဖြစ် သတ်မှတ်သင့်ကြောင်း ပြည်ထောင်စုကော်မရှင်ဆီကို ဒီတပတ်ထဲမှာ တင်ပြသွားမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဦးရဲခေါင်က ဧရာဝတီကို ပြောသည်။
ရွေးကောက်ပွဲ ကုန်ကျစရိတ် မတင်သွင်းခဲ့သည့်ကိုယ်စားလှယ်လောင်းများမှာ မြန်မာနိုင်ငံတောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ၄ ဦး၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)မှ ၄ ဦး၊ ကရင် ပြည်သူ့ပါတီမှ ၃ ဦး၊ အမျိုးသား တိုးတက်မြင့်မားရေး ပါတီမှ ၂ ဦး၊ တသီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂ ဦး၊ အမျိုးသား တိုးတက်ရေး ပါတီမှ ၁ ဦး၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ၁ ဦး၊ ကရင် အမျိုးသား ပါတီမှ ၁ ဦးနှင့် ဖက်ဒရယ်ပြည်ထောင်စု ပါတီ မှ ၁ ဦးတို့ ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် ရုံး ၏ စာရင်းများ၌ ဖော်ပြထားသည်။
ခရိုင်အလိုက်အားဖြင့် ပုသိမ်ခရိုင်ရှိ ပုသိမ်၊ ကျုံပျော်၊ သာပေါင်း၊ ရေကြည်၊ ကျောင်းကုန်း မြို့နယ်တို့မှ ကိုယ်စားလှယ်လောင်း ၁၄ ဦး၊ ဖျာပုံခရိုင်ရှိ ဘိုကလေး။ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်တို့မှ ၃ ဦး၊ ဟင်္သာတ ခရိုင် မြန်အောင်မြို့နယ်မှ ၁ ဦးနှင့် လပွတ္တာခရိုင် မော်လမြိုင်ကျွန်း မြို့နယ်တို့မှ ၁ ဦး ဖြစ်ပြီး မအူပင်ခရိုင်နှင့် မြောင်းမြ ခရိုင်တို့တွင် ရွေးကောက်ပွဲ အသုံးစရိတ် တင်သွင်းရန် ပျက်ကွက် သူ မရှိခဲ့ကြောင်း သက်ဆိုင်ရာ ခရိုင် ကော်မရှင်များ၏ တင်ပြချက်များအရ သိရသည်။
အသုံးစရိတ် တင်ပြရန် ပျက်ကွက်သူ ကိုယ်စားလှယ်လောင်းများ၏ အမည်ကို ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်က နေပြည် တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) ထံသို့ တင်ပြသွားမည်ဖြစ်ပြီး တိုင်းကော်မရှင်ရုံးရှိ ကြော်ငြာသင်ပုန်းတွင် လည်း အဆိုပါအမည်စာရင်းများကို ကြေညာပေးသွားမည်ဟု ဆိုသည်။
UEC သို့ တင်ပြထားသည့် ၁၅ ရက်အတွင်း ရွေးကောက်ပွဲအသုံးစရိတ် မတင်ပြခဲ့သည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မိမိ အား အရည်အချင်း ပျက်ယွင်းသူအဖြစ် မသတ်မှတ်သင့်ကြောင်း UEC ထံသို့ လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။
“ကိုယ်စားလှယ်လောင်းက အရည်အချင်းပျက်ယွင်းသူအဖြစ် မသတ်မှတ်သင့်ဘူးလို့ ၁၅ ရက်အတွင်း လျှောက်ထားလာခဲ့ရင် အဲဒါကို ရွေးကောက်ပွဲခုံအဖွဲ့နဲ့ စစ်ဆေးမယ်။ ကိုယ်စားလှယ်လောင်းဘက်က အကြောင်းပြချက် ခိုင်လုံရင်တော့ အရည်အချင်းပျက်ယွင်း သူအဖြစ် ကြေညာသင့်တဲ့ စာရင်းထဲကနေ UEC က ပယ်ဖျက်ပေးမှာပါ”ဟု လက်ထောက် ညွန်ကြားရေးမှူး ဦးရဲခေါင်က ပြောသည်။
သတ်မှတ်ရက်အတွင်း UEC သို့ လျှောက်ထားခြင်းမရှိသူများနှင့် လျှောက်ထားသော်လည်း ရှုံးနိမ့်ခဲ့သူများကို ရွေးကောက်တင်မြှောက်မှု ဆိုင်ရာ အရည်အချင်း ပျက်ယွင်းသူများအဖြစ် UEC က ကြေညာချက်ထုတ်ပြန်မည်ဖြစ်ပြီး ယင်းကြေညာချက်ကို နိုင်ငံတော်ပြန်တမ်း အဖြစ် ကြေညာမည် ဖြစ်ကြောင်း သိရသည်။
“ကိုယ်စားလှယ်လောင်း အရည်အချင်းပျက်ယွင်းသူ အဖြစ်ကြေညာခံရရင် အဲ့ဒီလူဟာ လာမယ့် ၅ နှစ်အတွင်းမှာ ပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲတွေနဲ့ အထွေထွေရွေးကောက်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ပါဘူး၊ တကယ်လို့ ပြိုင်ချင်ရင် နောက် ၅ နှစ်ကျော်မှ ပြိုင်ခွင့်ရှိပါတော့မယ်”ဟု တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံး လက်ထောက် ညွန်ကြားရေးမှူး ဦးမြင့်နိုင်က ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းအတွင်း၌ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အပါအဝင် နိုင်ငံရေးပါတီ ၁၇ ခုမှ ကိုယ် စားလှယ်လောင်း ၅၀၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့်အနက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၈၈ ဦးအနိုင်ရခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄ ဦး အနိုင်ရရှိခဲ့သည်။