တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထဲတွင် အင်အားအကြီးဆုံး အဖွဲ့တဖွဲ့ဖြစ်သည့် “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် အစိုးရက တရားဝင် ဖိတ်ကြားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း ပန်ဆန်းမြို့တွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)မှ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA) တွင် လက်မှတ်ထိုးထားခြင်း မရှိသေး သည့် အင်အားကြီး “ဝ” အဖွဲ့ UWSA ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ရန် ဒီဇင်ဘာ ၁၉ ရက်က သွားရောက် တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
UPWC ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်က“လာမည့် ဇန်နဝါရီ ၁၂ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပရန် ရှိပါကြောင်း၊ ပြည်ထောင်စု၏ ငြိမ်းချမ်းရေး ခရီးလမ်းတွင် အစဉ်အလာရှိသည့် “ဝ” တိုင်းရင်းသား ခေါင်းဆောင်များအား ပါဝင်ပူးပေါင်း ဆောင်ရွက် ကြရန် ဖိတ်ကြားပါကြောင်း”ဟု တွေ့ဆုံ ဆွေးနွေးပွဲ တွင် ပြောဆိုခဲ့သည်။
ငြိမ်းချမ်းရေး မရရှိသေးသည့် ကြားကာလတွင် လက်နက်ကိုင် အဖွဲ့အချင်းချင်းကြား၌ အတူတကွ ပူးတွဲနေထိုင်ရေး လုပ်ငန်းစဉ်များ ချမှတ်ရန် လိုအပ်ကြောင်း၊ နယ်မြေဒေသအလိုက် ဆောင်ရွက်ရမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲနှင့် တနိုင်ငံလုံး အတိုင်း အတာ ဆောင်ရွက်မည့် ပြည်ထောင်စု အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးသိန်းဇော်က ပြောဆိုခဲ့သည်ဟုလည်း သိရသည်။
အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးကို ဦးတည်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ကျင်းပမည်ဟု သမ္မတ ဦးသိန်းစိန်က တရားဝင် ပြောဆိုထားသည်။
အစိုးရ၏ ဖိတ်ခေါ်မှုနှင့် ပတ်သက်၍ ဝ ပြည် သွေးစည်း ညီညွတ်ရေး ပါတီ၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSP/UWSA) ခေါင်းဆောင်များကြား ဆွေးနွေးဆုံးဖြတ်မှု မပြုလုပ်ရသေးကြောင်း UWSP/UWSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ကျောက်ရှောက်ဖူက ဧရာဝတီသို့ ပြောသည်။
ကျောက်ရှောက်ဖူက “အခုချိန်ထိတော့ အဲဒီဆွေးနွေးပွဲကို တက်မယ်၊ မတက်ဘူးဆိုတာ လူကြီးတွေကြားမှာ ဆွေးနွေးဆုံးဖြတ်တာ တွေ လုပ်တာ မရှိသေးပါဘူး”ဟု ပြောသည်။
အဆိုပါ ဆွေးနွေးပွဲသို့ UPWC ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒု ဗိုလ်ချုပ်ကြီး ရာပြည့်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အရှေ့မြောက် တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ခဲ့ကြပြီး “ဝ” အထူးဒေသ ၂ ဒု ဥက္ကဋ္ဌ ဦးရှောက်မင်လျံ၊ ဒု အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူရီနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် “ဝ” အဖွဲ့ ဒု ဥက္ကဋ္ဌ ရှောက်မင်လျံက သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှု ဖြစ်စဉ်များနှင့် တိုးတက်မှုအပေါ် ထောက်ခံ ကြိုဆိုကြောင်း၊ ငြိမ်းချမ်းရေးလမ်းကို ဆက်လက် လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း၊ “ဝ” ဒေသ အတွင်း စီးပွားရေးဖွံ့ဖြိုးမှု ကောင်းမွန်စေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါး လုံးဝ ပပျောက်သွားရန်လည်း ကိုင်တွယ်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်ဟုလည်း သိရသည်။
ဒု ဥက္ကဋ္ဌ ရှောက်မင်လျံက“တပ်မတော်နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်နှင့် ယုံကြည်မှု တိုးမြှင့်ရန် ဆန္ဒရှိပါကြောင်း၊ “ဝ”ဒေသ သည် မြန်မာနိုင်ငံ၏ အရေးကြီးသည့် အစိတ်အပိုင်းတခု ဖြစ်ကြောင်း၊ ထို့ကြောင့် “ဝ”ဒေသအနေဖြင့် ခွဲထွက်သည့် မူမျိုးကို ဆောင်ရွက်မည် မဟုတ်ကြောင်း”ပြောဆိုသည်ဟုလည်း အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သည့် ဒု ဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း NCA တွင် “ဝ” အဖွဲ့ ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် လမ်းဖွင့် ထားကြောင်း ပြောဆိုခဲ့သည်။
UWSP/UWSA ကဲ့သို့ပင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက် ရန် အစီအစဉ် ရှိ/မရှိ မသိရသေးကြောင်း ဧရာဝတီသို့ ပြောသည်။ UNFC အတွင်းရှိ လက်နက်ကိုင် အဖွဲ့များသည် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။
UNFC အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်က“အခု ကျနော်တို့နဲ့ သူတို့ဘက်က ပူးပေါင်းဆောင်ရွက်ခြင်း ညှိနှိုင်းခြင်း ဆွေးနွေးခြင်း မရှိသေးဘူး။ အဲဒါကြောင့် ကျနော်တို့ ပြောဖို့ စောပါသေးတယ်။ တက်မတက် ဆိုတာကိုပေါ့။ UNFC အနေနဲ့ ဆိုရင်လည်း တဖက် က စေ့စပ်ဆောင်ရွက်မှပဲ ကျနော်တို့ ပြောလို့ရပါမယ်။ အခု အခြေအနေမှာတော့ တက်မယ် မတက်ဘူးဆိုတာ ကျနော်တို့ အနေနဲ့ ဘာမှမပြောနိုင်သေးပါဘူး”ဟု ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံထားရသော UWSA သည် မြန်မာနိုင်ငံတွင် အင်အား အကြီး ဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး စစ်ရေးလေ့လာသူများက အင်အား သုံးသောင်းကျော် ရှိမည်ဟု ခန့်မှန်း ပြောဆိုကြ သည်။
UWSA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသည်မှာ ၂၆ နှစ် ရှိခဲ့ပြီ ဖြစ်သည်။
ထို့အပြင် UWSA သည် အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ကာလအတွင်း ပျက်ပြယ်ခြင်း မရှိသေးသဖြင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ပြုလုပ်နေသည့် NCA စာချုပ်ချုပ်ဆိုရာတွင် ပါဝင်စရာမလိုဟု ပြောဆိုထားသည်။