ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်(၄) ရှိ ထိပ်တန်းမြန်မာ အထည်ချုပ် စက်ရုံ အလုပ်သမား ၂၂၀ ခန့်သည် နိုဝင်ဘာလ လုပ်ခ လစာ အပြည့်အ၀ ရရှိရေးအတွက် ယနေ့ နံနက်ပိုင်းက လှိုင်သာယာ မြို့နယ် မီးခွက်ဈေး အောက်ထိပ်မှ ပုသိမ်လမ်းနှင့် ညောင်တုန်း လမ်း ပေါ်တွင် လမ်းလျှောက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ဒီဇင်ဘာ ၅ ရက်နေ့က နိုဝင်ဘာလ အတွက် လစာ ရှင်းပေးရာတွင် အလုပ်ရှင်ဘက်က အလုပ်သမားများ အလုပ်မလုပ်ဟု စွပ်စွဲပြီး အကျႌချုပ်သည့် ဝန်ထမ်းများကို လုပ်ခ တရက်စာသာ ရှင်းပေးခဲ့သလို ဘောင်းဘီချုပ်သည့် အလုပ်သမားများအတွက် လုပ်ခ ၁၅ ရက် စာသာ ရှင်းပေးခဲ့ကြောင်း ဆန္ဒပြ အလုပ်သမားတဦး ဖြစ်သူ မမိုးစန္ဒာမြင့်က ပြောပြသည်။
“ကျမတို့ အလုပ်မလုပ်ဘူးဆိုရင် အလုပ်ရှင်ဘက်က အလုပ်ထုတ်ပိုင်ခွင့် ရှိပါတယ်။ နောက်ပြီး ချုပ်ထည်တွေ မရှိဘူးဆိုရင်လည်း ကျမတို့ကို အသိပေးပြီး အလုပ်နားရက် ခဏပိတ်ထားလို့ ရပါတယ်။ အခုက ကျမတို့ အလုပ်သမားတွေက နေ့စဉ် အလုပ်ထဲဝင်ရင် လက်မှတ် အပြည့်ထိုးပြီး ဝင်ရတာ။ ဒါကို အလုပ်ရှင်က အလုပ်မလုပ်ဘူးလို့ စွပ်စွဲပြီး လစာမပေးတာကို မကျေနပ်လို့ ကျမတို့တောင်း ဆိုတာပါ။ ကျမတို့ ရပိုင်ခွင့် လုပ်ခကိုပဲ တောင်းတာပါ”ဟုလည်း မမိုးစန္ဒာမြင့်က ပြောသည်။
ယခု တောင်းဆိုမှုများ မဖြစ်ခင်ကတည်းက ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံတွင် အလုပ်ရှင်၊ အလုပ်သမားကြား လစာ တောင်း ဆိုမှု ဖြစ်ပွားခြင်းများ ရှိနေခဲ့ကြောင်း တခြားသော ဆန္ဒပြ အလုပ်သမား တဦးကလည်း ပြောပြသည်။
အစိုးရ သတ်မှတ်ပေးလိုက်သည့် တနေ့ လုပ်ခ လစာ ၃၆၀၀ ကျပ် ရရှိရေး ညွှန်ကြားပြီးနောက်ပိုင်း ထိပ်တန်းမြန်မာ အထည်ချုပ် စက်ရုံတွင် ပထမဆုံး ရရှိသည့် လစာ ခံစားမှုတွင်လည်း အလုပ်ရှင်ဘက်မှ အလုပ်သမားတချို့ကိုသာ တရက် ကျပ် ၃၆၀၀ နှင့် တွက်ချက် ပေးခဲ့ခြင်းများ ရှိခဲ့သည့်အတွက် အလုပ်သမားများဘက်မှ တောင်းဆိုမှုများ ရှိနေခဲ့ပြီး တချို့အချက်များသည် အလုပ်ရှင်နှင့် အလုပ်သမားများကြား ပြေလည်မှု မရရှိသေးဟုလည်း ဆိုသည်။
နိုဝင်ဘာလ လုပ်ခလစာ အပြည့်အဝရရန် အလုပ်သမားများက ဒီဇင်ဘာလ ၁၇ ရက်နေ့ကတည်းက စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေခြင်း ဖြစ်ကြောင်း၊ ၎င်းတို့၏ တောင်းဆိုမှုကို အလုပ်ရှင်ဘက်က မလိုက်လျောသေးသည့်အတွက် ယနေ့ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
ယင်းတောင်းဆိုမှုနှင့် ပတ်သက်ပြီး အလုပ်သမား ခုံသမာဓိရုံးသို့ တင်ပြခဲ့ပြီး ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်ကို အလုပ်သမားများ ဘက်မှ လိုက်နာပေးသော်လည်း အလုပ်ရှင်ဘက်မှ လိုက်လျောပေးခြင်း မရှိသေးကြောင်း သိရသည်။
ယင်းအလုပ်ရှင်၊ အလုပ်သမား ပြဿနာနှင့်ပတ်သက်ပြီး အလုပ်ရှင်ဘက်ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
ထိပ်တန်းမြန်မာ အထည်ချုပ် စက်ရုံသည် ဒေါက်တာ မင်းမင်းဟု ခေါ်သည့် မြန်မာနိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး စက်ရုံတွင် အလုပ် သမား ဝန်ထမ်းပေါင်း ၃၃၅ ဦး ရှိကြောင်း အဓိက ဂျပန်အထည်များကို ချုပ်လုပ်ခြင်း ဖြစ်ကြောင်း၊ မကြာသေးခင်က အထည်ချုပ် စက်ရုံသစ် တရုံ ဖွင့်လှစ်ခဲ့ပြီး ထိပ်တန်းမြန်မာ စက်ရုံဟောင်းမှ ဝန်ထမ်းတချို့ကို စက်ရုံသစ်သို့ ပြောင်းရွှေ့အလုပ်ခိုင်းခြင်းများ ရှိနေ ကြောင်း အလုပ်သမားများ က ပြောကြားသည်။