ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ခေါ်ယူကျင်းပရန် စီစဉ်ခြင်းသည် ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ဖြစ်နေသော တိုက်ပွဲများကို လျစ်လျူရှုလိုက်ခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်းညီလာခံ ခေါ်ယူ ကျင်းပမည့် ရက်ကို အစိုးရက လာမည့် ဇန်နဝါရီလ ၁၂ ရက်တွင် နေပြည်တော် MICC-2 ၌ ကျင်းပရန် စီစဉ် ထားသည်။
ထုတ်ပြန်ချက်၌ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်တွင် နိုင်ငံရေးုဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို အတည်ပြု ချမှတ်လိုက်ခြင်းနှင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ခေါ်ယူရန် ကြေညာခြင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို လစ်လျူ ရှုလိုက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
အစိုးရတပ်မတော်နှင့် ကချင်ပြည်နယ်တွင်း ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပလောင် (တအာင်း) လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့နှင့်တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်လည်း ရက္ခိုင့်တပ်မတော်(AA)တို့နှင့် အစိုးရ တပ်မတော်ကြား ယနေ့အချိန်အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လို့လည်း ဆိုတယ်။ ငြိမ်းချမ်းရေး ညီလာခံလို့လည်း သုံးနှုန်းထားတယ်။ အဲဒီလို သုံးနှုန်း ထားရဲ့နဲ့ကို ကိုယ့်နိုင်ငံတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်ဆိုတာက ဒီစကားလုံးတွေအပေါ်မှာ ဝိဝါဒကွဲ ပြားစရာဖြစ်သလို လက် ရှိ ပြည်တွင်းစစ်ဒဏ် ခံနေရတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအပေါ်မှာလည်း လျစ်လျူ ရှုရာကျတယ်။ အဲဒီလိုသုံးချင် ရင် လက်ရှိထိုးစစ်တွေကို ရပ်တန့်ပေးဖို့ လိုအပ်တယ်”ဟု ယခု ထုတ်ပြန်ချက်ကို ပါဝင်ထုတ်ပြန်သည့် အဖွဲ့ တဖွဲ့ဖြစ်သော ကရင်နီပြည် လူငယ်များ သမဂ္ဂ (UKSY) ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင် က ဧရာဝတီသို့ ပြောသည်။
သမ္မတဦးသိန်းစိန် အစိုးရ လက်ရှိသက်တမ်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး မပါဝင်သည့် နိုင်ငံရေးဆွေး နွေးပွဲစတင် မည်ဆိုပါက လာမည့်အစိုးရသစ်လက်ထက်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များလုပ်ဆောင်ရာတွင် အကျပ် အတည်းများနှင့် ရင်ဆိုင်ရနိုင် သည်ဟု တိုင်းရင်းသားခေါင်းဆောင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများကလည်း ဝေဖန်ထားသည်။
တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်(NCA)ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ လက်မှတ် ရေးထိုးခဲ့ကြသည်။
ထို NCA စာချုပ်ဆွေးနွေးစဉ်က တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့လုံးပါဝင်၍ အစိုးရနှင့် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ထိုစာချုပ် ချုပ်ဆိုပြီးပါက အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးပွဲတရက်ကို ရက်ပေါင်း ၉၀ အတွင်း ပြုလုပ်ရန်ဟူသည့်အချက် ထည့်သွင်းထား၍ ဇန်နဝါရီ လတွင် ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရန် စီစဉ်ခြင်း ဖြစ်သည်။
တနိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်ခြင်းမရှိသေးဘဲ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအားလုံး မပါဝင်သေးသော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန်ကြိုးပမ်းခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်မည်ကို အထူးစိုးရိမ်ပူပန်ကြောင်း ကြေညာချက်ထုတ်ပြန်သည့် အဖွဲ့အစည်းများက ပြောဆိုကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်းသည် NCA စာချုပ်အရ ပထမဆုံး အဆင့်အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲကို စတင် လိုက်ခြင်းဖြစ်ပြီး ယခုလုပ်မည့်ညီလာခံတခုတည်းမှ တိုင်းပြည်အဖြေထွက်ရန် ဆွေးနွေးမည်မဟုတ်ကြောင်း၊ ရေရှည်တွင် အားလုံးပါဝင်ရေးကို လက်ရှိအစိုး၊ တပ်မတော်၊ နောင်ဆက်လက်တာဝန်ယူမည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးက ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ဧရာဝတီသို့ ပြောသည်။
“အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စိုးရိမ်ပူပန်မှုဟာ ကျနော်တို့တိုင်းပြည်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မရမှာကို စိုးရိမ်တဲ့ ပူပန်ချက်လို့ မြင်ပါတယ်။ ဒီအမြင်ကို လက်ခံပါတယ်။ တိုင်းပြည်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို မရယူနိုင်ဘူးဆိုရင် လက်မှတ်ထိုးတဲ့အဖွဲ့တွေလည်း အောင်မြင်နိုင်မှာမဟုတ်သလို မထိုးသေးတဲ့အဖွဲ့တွေလည်း အောင်မြင်မှာမဟုတ်ဘူး။ ထိုနည်းတူ NLD နဲ့ တပ်မတော်လည်း အောင်ပွဲခံမှာ မဟုတ်ပါဘူး။ အားလုံးအောင်ပွဲခံဖို့ကတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့ အားလုံးက တာဝန်ယူဆောင်ရွက်ဖို့ လိုပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ဇန်နဝါရီလအတွင်း ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် အစိုးရဘက်မှ ကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော် ကိုယ်စား လှယ် ၇၅ ဦး၊ တပ်မတော်ကိုယ်စားလှယ် ၁၅၀ ၊ လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ် ၁၅၀ ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ၁၅၀ ၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ ၊ ဖိတ်ကြားသင့်သူ ကိုယ်စားလှယ် ၅၀ ဟူ၍ အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့အကြား သတ်မှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အားလုံးပါဝင်သော ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးကို ဦးစွာအကောင် အထည် မဖော် နိုင်သေးချိန်တွင် နိုင်ငံရေးဆွေးနွေးပွဲများ မပြုလုပ်သေးဘဲ အချိန်ရွှေ့ဆိုင်းထားရန်၊ နိုင်ငံရေးဆွေးနွေးပွဲ ကို တက်ရောက် မည့် ကိုယ်စားပြုအချိုးအစားများနှင့် ဆုံးဖြတ်ချက်ရယူမည့် ရာခိုင်နှုန်းသတ်မှတ်ချက်များကို ပြန်လည် သုံးသပ်ရန်နှင့် ယင်းသို့သုံး သပ်ရာတွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်မထိုး သေးသောအဖွဲ့များ၏ အကြံပြုချက် များ၊ အမြင်သဘောထားများ စုစည်းရယူရန်လည်း အရပ်ဘက်လူထုအဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုထားသည်။
ယမန်နေ့က ထုတ်ပြန်ချက်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ ပေါင်းကူး၊ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)၊ ကချင်ငြိမ်းချမ်းရေး ကွန်ရက်၊ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက် သူများအဖွဲ့၊ မြန်မာအမျိုးသမီး သမဂ္ဂ၊ လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ၊ UKSY စသည့် အဖွဲ့အစည်းပေါင်း ၁၂၆ ဖွဲ့တို့က ပူးပေါင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။