မြန်မာနိုင်ငံတွင် မောင်းသူမဲ့ လေယာဉ်(Drones) ကို စနစ်တကျ မှတ်ပုံတင်ပြီး စည်းမျဉ်းစည်းကမ်းများ နှင့် ညီမှသာ အသုံးပြုခွင့်ရမည့် လုပ်ထုံးလုပ်နည်းတခုကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနက လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီလ ၆ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် လွှတ် တော် ကိုယ် စားလှယ် ဦးညွှန့်တင်က Drones အသုံးပြုရာတွင် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန် ရန် အစီ အစဉ် ရှိ၊ မရှိ မေးမြန်းရာတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်က ထိုသို့ ပြောဆို လိုက် ခြင်းဖြစ်သည်။
ဦးဇင်ယော်က “Drones တွေရဲ့ အလေးချိန်နဲ့စွမ်းဆောင်နိုင်မှုပေါ်မူတည်ပြီး အတန်းအစားခွဲခြား သတ်မှတ် ပြီး စနစ်တကျ မှတ်ပုံတင်ခြင်း၊စီးပွားရေးလုပ်ငန်း၊ အသုံးပြုခွင့်လက်မှတ်ထုတ်ပေးခြင်း၊မြေပြင်မှ ထိန်းချုပ် မောင်း နှင် သူများ အား စီစစ်ခြင်းများအတွက် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို Advisory Circular အ ဖြစ် ထုတ်ပြန်ဖို့ စီမံ ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
Dornes များကို မီဒီယာ လုပ်ငန်း၊ ဗွီဒီယို မှတ်တမ်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ လမ်းပိတ်ဆို့ရေး များကို စောင့် ကြည့် ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများနှင့် သုတေသန လုပ်ငန်းများတွင် အထောက် အကူ ပြုသော်လည်း အကြမ်းဖက်လုပ်ငန်းများတွင်လည်း အသုံးပြုလာနိုင်သဖြင့် ထိုကဲ့သို့ မှတ်ပုံတင်ခြင်း၊ စည်း မျဉ်း စည်းကမ်းများ ထုတ်ပြန်ကာ လိုက်နာစေခြင်းများကို လုပ်ဆောင်ရန် စီစဉ်ရခြင်း ဖြစ်သည် ဟု ဦးဇင်ယော်က ပြောသည်။
စည်းမျဉ်းစည်းကမ်းများကို မြန်မာနိုင်ငံ၊ လေယာဉ်ဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ထုတ်ပြန်မည် ဖြစ်ပြီး Drones ပျံသန်းခြင်းနှင့် ပတ်သတ်၍ တားမြစ်ဧရိယာ (Prohibited Area ) ၊ ကန့်သတ်ဧရာ ( Restricted Area ) ၊ အန္တရာယ်ရှိသည့် ဧရိယာ (Danger Area ) များတွင် ပျံသန်းခြင်းမပြုဟူ၍ သတ်မှတ်ချက်များကို စည်းကမ်းချက်များအတွင်း ထည့်သွင်းသွားမည်ဟု ဦးဇင်ယော်က ပြောသည်။
ထို့အပြင် လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းများ၏ ပျံသန်းရေးနယ်မြေများအတွင်း ဝင်ရောက် ပျံသန်း ခြင်း မပြုရန်၊ လိုအပ်ချက်များအရ ပျံသန်းမည်ဆိုပါကလည်း ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ ခွင့်ပြုချက် ရယူပြီး သက်ဆိုင်ရာ လေတပ်စခန်းဌာနချုပ်များနှင့် ညှိနှိုင်းဆွေးနွေးပြီးမှ ပျံသန်ရေး စသည်တို့ကိုလည်း ပါရှိမည် ဖြစ်သည်ဟု သိရသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးညွှန့်တင်က Drones မောင်းနှင်သူများသည် ကျွမ်းကျင်ခြင်းမရှိပါက လူများကို အနှောင့်အယှက်ပေးခြင်း၊ အန္တရာယ်ဖြစ်ခြင်းများ ရှိနိုင်ပြီး၊ လေယာဉ်ကွင်းများအနီး မောင်းနှင်ရာ တွင် လေယာဉ်ပျံသန်းခြင်း၊ အဆင်း အတတ်ပြုလုပ်ခြင်းကို အနှောင့်အယှက်ပေးပြီး လေယာဉ်ပျက်ကျ သည်အထိ အန္တရာယ်ဖြစ် နိုင်သဖြင့် စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန် သင့်သည်ဟု ပြည်ထောင်စု လွှတ်တော်တွင် ပြောသည်။
ဒီဇင်ဘာလ ၂၂ ရက်ကလည်း ရန်ကုန်မြို့၊ရွှေတိဂုံစေတီတော် အပေါ်နှင့် ဘုရားဝတ္တက မြေအတွင်း မောင်း သူမဲ့ လေယာဉ်ငယ်/ရဟတ်ယာဉ်များ (Drones) ကို စေတီတော်လုံခြုံရေးအရ အသုံးမပြုရဟု ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့က တားမြတ်ချက် ထုတ်ပြန်ထားသည်။
လက်ရှိတွင် Drones များကို ဗွီဒီယိုရိုက်ကူးရေးလုပ်ငန်းများတွင် အများစု အသုံးပြုနေပြီး ရေပြင်၊ မြေပြင် သုတေသန လုပ်ငန်း လုပ်ကိုင်နေသူများက အသုံးပြုနေကြသည်။
Sky ရိုက်ကူးရေးလုပ်ငန်း၊ ဆိုင်ပိုင်ရှင် ၊ ဦးဌေးအောင်က “ မှတ်ပုံတင်လုပ်မယ်၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်မယ် ဆိုတာကောင်းပါတယ်။ ဒါပေမယ့် သူတို့ ထုတ်ပေးမယ့် မှတ်ပုံတင်ဆိုတာက ဘယ် လို မျိုးလဲ ။စည်းကမ်း လိုက်နာမယ် ဆိုရင်တောင် ကျနော်တို့လို စီးပွားရေးအသေးစားလုပ်ငန်းတွေက သုံးခွင့် ရပါ့မလားပေါ့ အဲ့တာတော့ နည်းနည်းစိတ်ပူပါတယ် “ ဟု ပြောသည်။
Drones အသုံးပြုရာတွင် လိုအပ်လာမည့် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များနှင့် စည်းမျဉ်းစည်းကမ်း များကို ထုတ်ပြန်နိုင်ရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန က ကာကွယ် ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန တို့နှင့် ညှိနှိုင်းလုပ်ဆောင်သွားမည်ဟု သိရသည်။