ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အနီး ရမ်းချောင်းတောင်တန်း တဝိုက်တွင် အစိုးရတပ်မတော်နှင့် ရကိ္ခုင့် တပ်မတော် (AA) တို့အကြား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ ရပ်တန့်သွားပြီ ဖြစ်သော်လည်း စစ်ရေးအခြေအနေ တင်းမာနေသည့် အနေအထား ရှိနေဆဲဖြစ်သည်။ တိုက်ပွဲကာလအတွင်း တပ်မတော်ဘက်မှ အရာတချို့ ကျဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့ ရှိသည်ဟု တပ်မတော်ပိုင် မြဝတီသတင်းဌာနမှ ဇန်နဝါရီလ ၇ ရက်က သတင်း ထုတ်ပြန်ထားပြီး AA ကိုလည်း အပြတ်ချေမှုန်းမည် ဖြစ်ကြောင်း ရေးသားထားသည်။
တပ်မတော်နှင့် AA တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်အတွင်း စစ်ပြေးရှောင်နေရသူ ၂၅၀ ကျော် ရှိနေပြီဖြစ်သည်။ AA သည် အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ချန်လှပ်ခြင်းခံထားရသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည်။ ဧရာဝတီသတင်းဌာန၏ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ လက်ရှိ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ စစ်ရေးအခြေအနေ ဘယ်လိုရှိပါသလဲ ။
ဖြေ ။ ။ လောလောဆယ် တိုက်ပွဲတို့၊ ပစ်တာခတ်တာတို့တော့ မရှိဘူး။ စစ်ဆင်ရေး လှုပ်ရှားမှုတွေကတော့ အရမ်း များနေတယ်။ တပ်အင်အားတွေ ထပ်ပြီး တိုးလာတယ်။ တပ်မ (၆၆) လည်း ဝင်လာတယ်။ အရင်တုန်းကတော့ စကခ ၂ ခုရယ်။ စစ်တွေ ဒကစ ရယ်။ အမ်း မပခတွေနဲ့ ဆိုင်ပြီး တိုက်ပွဲဖြစ်နေတာပါ။ ကျနော်တို့ စစ်ကြောင်းတွေက လှုပ်ရှား စစ်ကြောင်းဆိုတော့ နည်းနည်း တိုက်သင့်တာ တိုက်တယ်။ ခွာသင့်တာလည်း ခွာထားတယ်။ အခုတော့ ကျနော်တို့ အရပ်ဘက်ကနေ သတင်းကြားချက်တွေအရ ပဲခူးတိုင်းက တပ်တွေလည်း လာနေတယ်။ တပ်မ (၆၆) လည်း ထပ်ရောက်လာတယ်။ စစ်ဆင်ရေးတွေ အရမ်းများနေတော့ တိုက်ပွဲတွေက အချိန်မရွေး ဖြစ်လာဖို့ များပါတယ်။
မေး ။ ။ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၇ ရက်က မြဝတီက သတင်းထုတ်ပြန်ထားတဲ့ အပေါ်မှာရော ဘယ်လို သဘောထား ရှိပါသလဲ။
ဖြေ ။ ။ အစိုးရရဲ့ ထုတ်ပြန်ချက် တခုအနေနဲ့ဆိုရင် ဒီထက်ပိုပြီး တာဝန်ခံမှု ရှိသင့်တယ်။ သတင်းတခုကို ပစ်စလတ်ခတ် ထုတ်ပြန်တာမျိုး မဖြစ်သင့်ဘူး။ အသေးစိတ်တွေကတော့ ပြောမယ်ဆိုရင် ပြောလို့ရတယ်။ အနှစ်ချုပ်အပိုင်းပေါ့။ အမြစ်ပြတ် ချေမှုန်းမယ် ဆိုတာတွေက နိုင်ငံရေးမုဒိတာကို ထင်ဟပ်စေတယ်လေ။ အမြစ်ပြတ် ချေမှုန်းတယ်ဆိုတာက နိုင်ငံရေးအရ အဖြေမရှာချင်ဘူးဆိုတဲ့ သဘောတွေ ဖြစ်နေတယ်။
အဲဒါတွေ အပေါ်မှာလည်း ကျနော်တို့ဘက်က အများကြီး စဉ်းစားစရာတွေ ရှိနေတယ်။ သူတို့က ကျနော်တို့ကို အမြစ်ဖြတ်ပြီး ချေမှုန်းမယ်ဆိုရင် ကျနော်တို့ အနေနဲ့လည်း စဉ်းစားစရာတွေ ပြင်ဆင်စရာတွေ အများကြီး ဖြစ်သွားတာပေါ့။
မေး ။ ။ သတင်းထုတ်ပြန်ချက်တွေမှာ AA ဘက်က လက်ဖြောင့်တပ်သား (စနိုက်ပါသမား) တွေ ပါတယ်လို့ ဆိုထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း နယ်မြေအခြေစိုက်တပ်စခန်း ထားနိုင်ဖို့ နယ်စပ်က အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့ စီစဉ်နေတယ်ဆိုတာရော ဟုတ်ပါသလား။
ဖြေ ။ ။ အဲဒါကတော့ အခြေအမြစ် မရှိတဲ့ စွပ်စွဲမှုတွေပဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပုံရိပ်ကို သေးသိမ်အောင် အခြေအမြစ် မရှိဘဲ လျှောက်ပြောတာဖြစ်တယ်။ အစိုးရတခုအနေနဲ့ ထုတ်ပြန်ချက်တခုမှာ ဘာမှ အခြေအမြစ် မရှိတဲ့ဟာတွေကို လျှောက်ပြောတယ်။ စိတ်ခံစားချက်တွေပေါ့။ တိုက်ပွဲအနေနဲ့ လက်နက်တို့၊ အင်အားတို့ကတော့ ဗျူဟာအပိုင်းတွေ ဆိုတော့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးဆိုတော့ ထုတ်မပြောလိုပါဘူး။ ရခိုင်တိုက်ပွဲမှာ တခြား မဟာမိတ်တပ်တွေ ကူညီတာမျိုး မရှိသေးပါဘူး။ ရခိုင်ပြည်မှာ ကျနော်တို့ ရခိုင်တပ်ပါပဲ ။
မေး ။ ။ တိုက်ပွဲမှာ AAဘက်က အထိအခိုက်ရော ဘာတွေ ရှိပါသလဲ ။
ဖြေ ။ ။ အထိအခိုက် အနေနဲ့ကတော့ ကျနော်တို့မှာ ဒဏ်ရာ အသေးစားရတာ ၃ ဦးပါ။ အသက်ပေးသွားတာ ၂ ဦး ရှိတယ်။ ဒီထက် မပိုပါဘူး။ အဲဒီထဲမှာမှ ၁ ဦး ကိုတော့ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ဖို့ အချိန်မရဘူး။ ရုပ်အလောင်း တခု သူတို့ (အစိုးရ) ရသွားတယ်။ သူတို့ ပြောဆိုချက်တွေမှာ ၃ ဦး ရတယ်ဆိုတာ မဟုတ်ပါဘူး။ လျှောက်ပြောတာပါ။
မေး ။ ။ လောလောဆယ်မှာ ရခိုင်ပြည်နယ်မှာ AA က လှုပ်ရှားစစ်ကြောင်းတွေပဲ ဆိုတော့ နောက်ပိုင်း အခြေစိုက် စခန်းတွေ တည်ဆောက်ဖို့အတွက် စီစဉ်နေတာ ရှိလား။
ဖြေ ။ ။လောလောဆယ် အခြေအနေအရတော့ အဲဒီ အခြေစိုက် ဆိုတာတွေက မလွယ်ဘူး ထင်တယ်။ စစ်ရေး အနေအထား အရပေါ့။ ကျနော်တို့က အခုကတော့ ဝင်လှုပ်ရှားတဲ့ အပိုင်းပါပဲ။ ကျနော်တို့ လှုပ်ရှားတာကလည်း စစ်ဖြစ်နိုင်တဲ့ အနေအထား လှုပ်ရှားတာ မဟုတ်ပါဘူး။ အရင်ကတည်းက ကျနော်တို့ ရှိပါတယ်။ သူတို့ မသိတာတော့ သူတို့ အပိုင်းပါ ။ ကျနော်တို့က လူအများပြောသလို အစိုးရက နေခွင့်ပေးရင် ဆိုတာထက် ရခိုင်ပြည်မှာ ရခိုင်တပ်က နေခွင့် ရှိကိုရှိတယ် ဆိုတာာကို ကျနော်တို့ ၁၀၀ ရာခိုင်နှုန်း ယုံမှားသံသယ မရှိပါဘူး။ ဒါက ကျနော်တို့ ကိုယ့်အခွင့်အရေးကို ကိုယ်ယူတာပါပဲ ။
မေး ။ ။ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ လုပ်မယ့် နိုင်ငံရေး ဆွေးနွေးပွဲအပေါ် ဘယ်လို သဘောထား ရှိပါ သလဲ ။
ဖြေ ။ ။ ကျနော်တို့ အဲဒါကို အယုံအကြည် မရှိပါဘူး။ ဘယ်လို စကားလုံးတွေနဲ့ပဲ သုံးထား သုံးထားပေါ့။ ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းကြတဲ့ အချိန်တွေမှာ ဟန်ဆောင်လုပ်ရပ်တွေကို ရပ်တန်းက ရပ်ပြီးမှ တကယ် တိုင်းပြည်နဲ့လူမျိုးအတွက် ထိရောက်တဲ့ အလုပ်တွေကို လုပ်သင့်တယ်လို့ မြင်တယ်။ တိုင်းရင်းသားတွေ အားလုံး မပါဝင်တာတွေက ကျန်တဲ့ အဖွဲ့တွေက ဘယ်လို လက်ခံမလဲ ။ နောက်တချက် ထောက်ပြချင်တာက လက်မှတ်မထိုးဘဲနဲ့ တခြားအဖွဲ့တွေကို ဖိတ်ကြားတယ် ဆိုသော်ငြားလည်း ဆွေးနွေးပိုင်ခွင့် မရှိတဲ့ဟာကို မျက်နှာပြပြီး ပြစားခံဖို့တော့ ဘယ်သူမှ အဲဒီလောက် မအတော့ပါဘူး။ ၁၉၄၆-၄၇ လို မအကြတော့ပါဘူး။
မေး ။ ။ အစိုးရသစ်တက်လာမယ့် အချိန်မှာရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လို ဖြစ်လာမယ် မျှော်လင့်ထားသလဲ။ တပ်မတော်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အဓိကနေရာမှာ ဆက်ပါမယ်ပေါ့။ ဒါပေမယ့် AA အပါအဝင် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေနဲ့ တပ်မတော်က သဘောထား တင်းမာနေတော့ ဒါက အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ စိန်ခေါ်မှု ဖြစ်လာနိုင်မလား။
ဖြေ ။ ။ ဒါက ကြီးမားတဲ့ စိန်ခေါ်မှု တရပ်အဖြစ် ရှိနေတယ်။ နောက်လာမယ့် အစိုးရအနေနဲ့လည်း တချို့သော ကိစ္စရပ်တွေကို ရေလိုက်ငါးလိုက် အဆင်ပြေအောင် ဆိုပြီး လုပ်နေတာထက် သတ္တိရှိရှိ ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမှ မလုပ်ရင် တပ်မတော်က မကြိုက်လို့ ဒါမလုပ်ဘူးဆိုရင် ရှောင်နေမယ်ဆိုရင် သူတို့ မဲဆွယ်ကာလတွေမှာ လူထုကို ပြောခဲ့တဲ့ “ပြောင်းလဲဖို့ အချိန်တန်ပြီ” ဆိုတာ ဘာမှ မပြောင်းလဲဘဲနဲ့ နိုင်ငံရေးအရ လည်း တဝဲလည်လည် ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကြီးမားသော စိန်ခေါ်မှုတွေကို ကျော်ဖြတ်ဖို့ရာအတွက် သူတို့မှာ သတ္တိတွေ တာဝန်ခံမှုတွေ ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီး လိုပါလိမ့်မယ်။
နောက်တခုက တပ်မတော်အနေနဲ့ ရကိ္ခုင့်တပ်မတော်ကို ရခိုင်ပြည်မှာ အခြေစိုက်ပြီးတော့ လှုပ်ရှားလာမှာ စိုးရိမ်တာက ရခိုင့်သယံဇာတအရေး၊ အကျိုးစီးပွားတွေနဲ့လည်း တိုက်ရိုက်အချိုးကျပါလိမ့်မယ်။ အခုချိန်မှာ ရင်းနှီးမြုပ်နှံမှုတွေကို သူတို့က စိတ်ကြိုက်စီမံတယ်။ ဒီအပေါ်မှာ ထောက်ပြပြီး သေသေချာချာ ပြောဆိုမယ့် အင်အားစုတွေ သိပ်မရှိဘူး။ ဒါကြောင့် သူတို့က နိုင်ငံရေးအရ အဖြေရှာလို့ ရပါလျက်နဲ့ စစ်ရေးအရ အင်အားတွေ သုံးတယ်။ ဒီအချက်က အဓိကကျတဲ့ အကြောင်းအရာတွေမှာ တချက်အနေနဲ့ ပါပါလိမ့်မယ်။
မေး ။ ။ ဖြည့်စွက်ပြောစရာများ ရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ ကျနော် ထပ်ပြောချင်တာကတော့ နိုင်ငံရေးအရ အဖြေရှာတာ အကောင်းဆုံးပါပဲ။ ကျနော်တို့ အဆင်သင့် ရှိနေပါတယ်။ ဒီနည်းလမ်းက အကောင်းဆုံးပါပဲလို့ ကျနော်ပြောလိုပါတယ်။ အကယ်လို့များ အမြစ်ပြတ် ချေမှုန်းရေး ဆိုတာကိုပဲ ရှေ့တန်း တင်ထားမယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့လည်း တခြားသော အစီအစဉ်တွေကို ရှာဖွေ ကြိုးစား ရပါလိမ့်မယ်။