ရန်ကုန်မြို့ရှိ မင်္ဂလာဈေးကြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်းသည် လျှပ်စစ်မီး သုံးစွဲရာမှတဆင့် ဝါယာရှော့ ဖြစ်ပွား၍ လောင်ကျွမ်းရခြင်း ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်းက ပြောသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်း ၁၁နာရီအချိန်တွင် မင်္ဂလာဈေး ၄ လွှာ၊ ဆိုင်အမှတ် ၄၅၁ ဦးလှဝင်းဆိုင်တွင် လိပ်ဆွဲတံခါး တပ် ဆင်ရန်အတွက် လျှပ်စစ်မီး သုံးစွဲရာမှတဆင့် ဝါယာရှော့ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁ နာရီခွဲခန့်တွင် မီးလောင်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်းက ထုတ်ပြန်သည်။
ထို့ကြောင့် ဆိုင်လိပ်ဆွဲတံခါး တပ်ဆင်ခဲ့သည့် အောင်ဘွားနှင့် အလုပ်သမား ၄ဦး၊ မင်္ဂလာဈေး လျှပ်စစ်မီး တာဝန်ခံ ကျော်ဆန်းဦးတို့ကို ခေါ်ယူစစ်ဆေးနေကြောင်း မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်းမှ စခန်းမှူးက ဧရာဝတီသို့ ပြောသည်။
စခန်းမှူးက“ကျနော်တို့ သူတို့ ၆ ဦးကို (ပ)၃၆/၁၆ ပြစ်မှု ပုဒ်မ ၂၈၅/၃၃၈ နဲ့ အမှုဖွင့်ထားပါတယ်”ဟု ပြောသည်။
ထိုမီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်းနှင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၃၆၀၆၀၂ သိန်း ဆုံးရှုံးပြီး တာမွေမြို့နယ် မီးသတ်ဖွဲ့မှ မီးသတ်ဝန်ထမ်းတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မင်္ဂလာတောင်ညွန်မြို့မ ရဲစခန်းက ထုတ်ပြန်သည်။
မင်္ဂလာဈေး မီးလောင်ကျွမ်းမှုကြောင့် ယာယီဈေးဆိုင်ခန်းအဖြစ် မင်္ဂလာမွန်ဈေးနှင့် ရွှေမင်္ဂလာဈေးတို့တွင် နေရာအစားချထားမည်ဟု မင်္ဂလာဈေး သာယာရေး ကော်မတီက ပြောသည်။
မင်္ဂလာဈေးတွင် ဆေးဆိုင်ဖွင့်ထားသည့် ဦးကျော်ကျော်လတ်က“ကျနော်ရဲ့အိမ်နဲ့ မင်္ဂလာဈေးက နီးတယ်။ ၁ နာရီနဲ့ ၄၅မိနစ်အထိ သံ ပန်း လုပ်နေတာတော့ မတွေ့ဘူး။ မီးတွေ ၄ ဖက်စလုံး လောင်နေတာကိုပဲ မြင်ရတယ်။ အခုမှ လုပ်စားလို့ မရတော့ဘူး။ မီးတွေက တောက်လျှောက် ထွက်နေတယ်။ သံပန်းလုပ်ခွင့်ကတော့ ပေးထားပါတယ်။ တချို့ဆိုင်တွေ ပြင်တယ် သံပန်းတွေ လုပ်တာတော့ ရှိပါ တယ်။ ဒါဖြစ်တာကတော့ အတိအကျ သတင်းကတော့ မသိဘူး။ စိတ်ထဲမှာတော့ သံသယ ရှိနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မင်္ဂလာဈေး ယခုအချိန် မီးလောင်မှုမှာ ဝါယာရှော့ဟု ဆိုသော်လည်း ယခင် ၂၀၁၀ ခုနှစ်က လောင်ခဲ့သည့် ဝါယာရှော့မီးနှင့် များစွာ ကွာခြားမှု ရှိကြောင်း၊ အချိန်တိုအတွင်း ပစ္စည်းအားလုံး ဆုံးရှုံးသွားသည်မှာ ထူးခြားမှု ဖြစ်ကြောင်း ဦးကျော်ကျော်လတ်က သုံးသပ်သည်။
ယခု မင်္ဂလာဈေး မီးလောင်သည့်အတွက် ဈေးသူဈေးသားများအတွက် နစ်နာမှု ဆုံးရံှူးမှု များပြားခဲ့သည်။
ကုန်မျိုးစုံ ရောင်းသည့် ဒေါ်စန္ဒာလင်းက“ဘာမှမဆိုင်တဲ့ ဈေးသူ/ဈေးသားတွေ နစ်နာတယ်။ မီးကို စမြင်တော့ လေးဘက် လေးတန် ကတော့ တပြိုင်တည်း လောင်နေတယ်။ အရင်တခါ မီးလောင်တော့ တဆိုင်ပြီး တဆိုင်ကူးပြီး လောင်တာ။ တနေကုန် လောင်တယ်။ အခုဟာက အချိန်တိုအတွင်းမှာ အားလုံးပြောင်သွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၀ ခုနှစ် မေလကလည်း မင်္ဂလာဈေးတွင် ယခုကဲ့သို့ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ဖူးပြီး ၎င်းနောက်ပိုင်းတွင် မင်္ဂလာဈေး၏ လျှပ်စစ်မီးကို နံနက် ၈ နာရီမှ စတင်ပြီး ညနေ ၅ နာရီအထိ မင်္ဂလာဈေး လျှပ်စစ်တာဝန်ခံမှ လွှတ်ပေးကြောင်း၊ မင်္ဂလာဈေးရှိ ဈေး ဆိုင်များတွင် လျှပ်စစ် ပလပ်ပေါက်များ မထားရှိတော့ဘဲ လိုအပ်ပါက လျှပ်စစ်တာဝန်ခံများထံ ပြောကြားပြီး အသုံးပြုရခြင်း ဖြစ်ကြောင်း သိရသည်။