၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(DPNS)၏ ပါတီ အလံ အမှတ် တံဆိပ်အား ပြောင်းလဲရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က ညွန်ကြားလာသဖြင့် ပြန်လည် ပြင်ဆင်ပေး ခဲ့ရကြောင်း ယင်းပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားခဲ့သည်။
DPNS ပါတီ၏ အမှတ်တံဆိပ်မှာ အခြားပါတီတခုဖြစ်သည့် လူ့ဘောင်သစ်ပါတီ၏ အလံ အမှတ်အသား တူညီနေသည် ဟုဆိုကာ UEC ထံသို့ ကန့်ကွက်ခဲ့ခြင်းကြောင့် ပါတီအမှတ်တံဆိပ်ပါ ကြယ်လေးလုံးအား ဘယ်ဘက်အပေါ်ထောင့်မှ အလယ်သို့ ပြန်လည် ပြင်ဆင်ခဲ့ရကြောင်း သိရသည်။
DPNS ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က“ကျနော်တို့ကို ခြိမ်းခြောက်တာ၊ အနိုင်ကျင့်တာလို့ ယူဆတယ်။ သူတို့ ဆုံးဖြတ် ချက်သာ အတည်ဖြစ်တယ်ဆိုပြီး တရားဥပဒေအရ ညှိနှိုင်း ဖြေရှင်းခွင့် မရခဲ့ဘူး”ဟု မီဒီယာများသို့ ပြောသည်။
အထက်ပါ ကိစ္စနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတခုကို ဇန်နဝါရီလ ၂၃ ရက်နေ့က DPNS ပါတီရုံးတွင် ပါတီ တာဝန်ရှိသူများက ပြုလုပ်ခဲ့သည်။
UEC ၏ ညွန်ကြားချက်တွင် ပါတီ ဆိုင်းဘုတ် အမှတ်တံဆိပ်မှာ ၁၉၉၁ ခုနှစ်က ပယ်ဖျက်ထားသည့် လူ့ဘောင်သစ် ဒီမို ကရက်တစ်ပါတီ၏ ဆိုင်းဘုတ်နှင့် တူသည်ဟု ဆိုကာ ပြင်ဆင်ခိုင်းခြင်း ဖြစ်သော်လည်း ပါတီအမည်ကိုမူ ပြောင်းလဲ ခိုင်းခြင်း မရှိဟု DPNS က ဆိုသည်။
ပါတီဆိုင်းဘုတ် ပြောင်းလဲရန် ကန့်ကွက်ခဲ့သည့် ပါတီမှာလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ နောက်မှသာ UEC ထံ မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သဖြင့် ယခုကဲ့သို့ တံဆိပ်တူနေခြင်းအတွက် အရင် မှတ်ပုံတင်ထားသူကို ပြန်ပြင်ခိုင်းခြင်းမှာ မဖြစ် သင့်ကြောင်း DPNS ပါတီ ခေါင်းဆောင်များက မီဒီယာများသို့ ပြောကြားသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း စတင်တည်ထောင်ခဲ့သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ခုနှစ်တွင် ဖျက်သိမ်းခြင်း ခံခဲ့ရပြီးနောက် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်းကော်မတီနှင့် ပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကာ တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည် ရပ်တည်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ပါတီ၏ မူရင်းအမည်၊ အမှတ်တံဆိပ်များအတိုင်း UEC ထံ ပြန်လည် မှတ်ပုံတင်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ အောက်တို ဘာ ၂၄ ရက်နေ့တွင် တရားဝင် မှတ်ပုံတင် ပြန်လည်ရရှိခဲ့သည်ဟု သိရသည်။