ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်တွင် အစိုးရ တပ်မတော်နှင့် ရှမ်းပြည် မြောက်ပိုင်း တပ်မတော်(SSPP/SSA)တို့ကြား တိုက်ပွဲ များကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ဘေး ဒုက္ခသည် ၁၀၀၀ ကျော်သည် ၃ လခန့် ကြာမြင့်သော်လည်း ယနေ့အချိန်ထိ နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။
နှစ်ဘက် တိုက်ပွဲများကြောင့် မိုင်းရှုးမြို့နယ်အတွင်းရှိ ကုန်းလင်ကျေးရွာ၊ တာဆမ်ပူးကျေးရွာ၊ နမ့်ပါမုန်းကျေးရွာရှိ ဒေသခံတို့၏ နေအိမ် များ၊ လယ်ယာများ ပျက်စီးမှု များပြားကြောင်း၊ ပျက်စီးမှုကြောင့် စစ်ဘေးရှောင်များ နေရပ်သို့ ပြန်မည်ဆိုပါက စားဝတ်နေရေး အတွက် အခက်အခဲ ဖြစ်နိုင်သဖြင့် မပြန်ရဲကြကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် မိုင်းရှုးမြို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ နန်းကောင်ခမ်းက ဧရာဝတီ သို့ ပြောသည်။
နန်းကောင်ခမ်းက“ဒုက္ခသည်တွေ တချို့ မပြန်ကြဘူး။ မပြန်ကြဘူးဆိုတာက သူတို့တွေက ရွာကို သွားကြည့်တယ်။ သွားကြည့်ပြီး တော့ ဘာမှ မရှိတော့ သူတို့အတွက် စားဖို့သောက်ဖို့က အခက်အခဲ ရှိတယ်။ စစ်ဘေးရှောင် ဒုက္ခသည် Camp မှာ နေမယ် ဆိုရင် တော့ ကူညီမယ့်သူတွေက ရှိတယ်။ ဟိုင်းပါ ကျေးရွာမှာ ဒုက္ခသည် ၁၀၀၀ ကျော်လောက်တော့ ကျန်သေးတယ်”ဟု ဆိုသည်။
အစိုးရ တပ်မတော်နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော်(SSPP/SSA)တို့ကြား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က နောက်ဆုံး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် နှစ်ဘက်စလုံးက တပ်စခန်များ နောက်ဆုတ် ရန် ဒီဇင်ဘာလ ပထမ အပတ်တွင် ဘဘောတူညီခဲ့ကြကြောင်း သိရသည်။
စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ရန်ကုန် ရှမ်းလူငယ် မောင်မယ်များ ဦးဆောင်ကော်မတီ အဖွဲ့ဝင် စိုင်းအောင်မြင့်ဦးက“ရွာမှာ စားစရာမရှိ သောက်စရာ မရှိဘူး။ ပြန်ရင်လည်း လုပ်စရာ အလုပ်က မရှိဘူး။ အနည်းဆုံး ၁ နှစ်လောက်တော့ မိုးရွာတဲ့အချိန်အထိ စောင့်ရမယ်။ စိုက်ပျိုးရေး လုပ်ဖို့ ကျွဲ၊ နွားတွေကလည်း မရှိတော့ဘူး။ ပြီးတော့ ထွန်ယက်ဖို့ ပစ္စည်း လိုတယ်။ ကျနော်တို့က မိုးမရွာခင် တောင်ယာ မစိုက်ခင် တောက်လျှောက် ကူညီ သွားရဦးမယ်”ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ၏ စိုက်ပျိုးထားသည့် လယ်ယာများ ပျက်စီးမှု များသဖြင့် နောက်နှစ်အတွက် စားသောက် ရန် အခက်အခဲ ဖြစ်နိုင်ကြောင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ပြန်လည် ထူထောင်ရေး ကာလသည် အလွန် အရေးကြီးကြောင်း၊ လက်ရှိအချိန်ထိ အစိုးရဘက်မှ စစ်ဘေးရှောင်များ ပြည်လည်ထူထောင်ရေးကို လာရောက် ကူညီပေးခြင်း မရှိသေးကြောင်း နန်းကောင်ခမ်းက ပြောသည်။
ထို့အပြင် ကျေးရွာများရှိ မြေမြှပ်မိုင်း ရှင်းလင်းရေးကိစ္စကို အစိုးရက တာဝန်ယူရှင်းလင်းပေးမည်ဟု ဆိုသော်လည်း ယခုအချိန်ထိ လာရောက် ရှင်းလင်းမှု မရှိသေးဟုလည်း ဆိုသည်။
အစိုးရ တပ်မတော်နှင့် SSPP/SSA တို့အကြား တလကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ရပ်တန့်ပြီး ရှေ့တန်း တပ်စခန်း အသီး သီး မှ ၂ ဘက်တပ်များ မူလတပ်စခန်းများသို့ ပြန်ဆုတ်ရန် ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘော တူညီမှု ရရှိခဲ့ကြောင်း သိရသည်။